စစ်တပ်နဲ့ ကေအိုင်အေ ပစ်ခတ်မှု ဗိုလ်ကြီးဇော်တောင်နဲ့ မေးမြန်းချက်


2014.11.25

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ကြား နိုဝင်ဘာလ ၁၉ရက်နေ့ နောက်ပိုင်း ပစ်ခတ်မှုတွေ ၃ ရက် ဆက်တိုက် ဖြစ်ပွားနေပါတယ်။

ပစ်ခတ်မှုတွေ ရှိနေပေမဲ့ ကေအိုင်အေအနေနဲ့ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသွားမယ်လို့ ကေအိုင်အေက ဗိုလ်ကြီးဇော်တောင် က ပြောပါတယ်။

ဗိုလ်ကြီးဇော်တောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဗိုလ်ကြီးဇော်တောင်နဲ့ မေးမြန်းချက်အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

မဝေယံမိုးမြင့်။      ။KIA နဲ့ အစိုးရစစ်တပ်တွေကြားမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကြားရပါတယ်၊ လက်ရှိတိုက်ပွဲအခြေအနေလေးကို သိပါရစေရှင့်။

ဗိုလ်ကြီး ဇော်တောင်။     ။မနေ့ကညနေပိုင်းမှာ ကျနော်တို့တပ်မဟာ ၃ လက်အောက်ခံတပ်ရင်း ၁၅ ဧရိယာမှာ သူတို့တပ်မတော်ဘက်ကနေပြီးတော့မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှှုတွေတော့ရှိတယ်၊ သူတို့ဘက်ကလက်နက်ကြီးတွေနဲ့ ကျနော်တို့ စခန်းဘက်ကိုပစ်တယ်၊ IDD စခန်းနားမှာ ၃ လုံးလောက်လာကျတယ်၊ ကျနော်တို့စခန်းထဲမှာ ၁ လုံးလာကျပြီးမှ ၂ ယောက်ဒဏ်ရာရတယ်၊ အပြတ်အလှန်ပစ်တာ မဟုတ်ဘူး၊ သူတို့က အမေရိကန်လက်နက်ကြီးနဲ့ပစ်တာ သူတို့စခန်းကို သွားပစ်တာမရှိဘူး၊ ကိုယ့်စခန်းမှာ ကိုယ်နေနေတဲ့အချိန်မှာ သူတို့ဟိုဘက်က လက်နက်ကြီးတွေနဲ့ လှန်းပစ်တာပေါ့။

မဝေယံမိုးမြင့်။      ။ဘယ်နေ့ကစပြီးတော့ အစိုးရတပ်တွေက ဆရာတို့စခန်းဘက်ကို ဦးတည်ပြီးတော့ ပစ်ခတ်တာတွေရှိနေတာလဲရှင့်။

ဗိုလ်ကြီး ဇော်တောင်။     ။မနေ့က တနင်္ဂနွေနေ့ မနက်ပိုင်း ၄ နာရီခွဲလောက်ကနေအချိန်မှာတော့ ကျနော်တို့ ဗဟိုပတ်ဝန်းကျင် အနားပတ်ဝန်းကျင်မှာရှိတဲ့ စခန်းတွေကနေပြီးတော့ ကျနော်တို့ တပ်မဟာ ၅ နဲ့ ဗဟိုဌါနချုပ်ဘက်ကို လှမ်းပစ်တာရှိတယ်၊ အားလုံးစုစုပေါင်း ၈ ကြိမ်လောက်ရှိတာပေါ့၊ မနက်မိုးမလင်းခင်ပစ်ခတ်တာ ပြီးတော့မှ တနေ့က စနေနေ့ညဖြစ်တာပေါ့၊ မနေ့က ညနေပိုင်းလည်း ပြန်ဖြစ်သေးတယ်၊ လှမ်းပစ်တာပါ ထိပ်တိုက်ရင်ဆိုင်ပြီးမှ အပြန်အလှန်ပစ်တာမျိုး မဟုတ်ဘူး၊ သူတို့ဘက်က မော်တာတွေနဲ့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာပေါ့၊ တဖက်နဲ့ တဖက်ကြားမှာ တစ်ခုခုအသံဗလံတွေထွက်လာလို့ရှိရင် အချင်းချင်း ဟိုဘက်စခန်း ဒီဘက်စခန်း လှမ်းပစ်တာတွေရှိတယ်၊ အဲ့ဒါတွေကို သူတို့ဘက်ကနေလာပြီးမှ ကျနော်တို့ လာပြီးပစ်ခတ်တယ်လို့ ပြောပြောနေတာတော့ ကြာပြီ၊ ဒါကြောင့်ပေါ့ အသံနည်းနည်းထွက်လာပြီဆိုရင် သူတို့က လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ ကျနော်တို့စခန်းဘက်ကို ပစ်တာပေါ့။

မဝေယံမိုးမြင့်။      ။အစိုးရဘက်က ဘယ်တပ်တွေနဲ့ ဖြစ်ပွားတာလဲရှင့်။

ဗိုလ်ကြီး ဇော်တောင်။     ။သူတို့တပ်တွေနည်းနေလို့လား မသိဘူး၊ အရင်တုန်းကဆို ခ.လ.ရ (၂၃၇)၊ နေတယ်လို့ပြောတယ်၊ ပြီးတော့မှ ဒီဗဟိုပတ်ဝန်းကျင်မှာကတော့ တ.ခ.ခ(၃) လက်အောက်ခံ တပ်ရင်းတွေရှိတယ်၊ ဘယ်တပ်ရင်းတွေ ဆိုတာတော့ ကျနော်တို့ မသ်နိုင်ဘူး၊ အဲ့ဒါကြောင့်မို့လို့ အတိအကျမပြောနိုင်ဘူး၊ ဒါပေမဲ့ ပြောနိုင်တာကတော့ အဲ့ဒီ တ.ခ.ခ(၃) လက်အောက်ခံ တပ်ရင်းတွေဖြစ်တယ်။

ဗိုလ်ကြီး ဇော်တောင်။     ။အစိုးရဘက်က တပ်စွဲထားတဲ့ တောင်ကုန်းတချို့ကို ဒီနေ့မတက်မှာ KIA ကသိမ်းလိုက်တယ်လို့လည်း ကြားနေရပါတယ်၊ အဲ့ဒီအခြေနေကိုလည်း သိပါရစေရှင့်။

ဗိုလ်ကြီး ဇော်တောင်။     ။အဲ့ဒါ မဟုတ်ပါဘူး၊ တိုက်ပွဲမရှိဘူး အခုနကပြောသလိုပဲ အဝေးကနေလှမ်းပစ်တယ်၊ လက်နက်ကြီးနဲ့လှမ်းပစ်တာ အဲ့ဒါတွေရှိတာ တိုက်ပွဲမရှိဘူး။

မဝေယံမိုးမြင့်။      ။အခုပစ်ခတ်မှှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဒီနေ့အချိန်အထိ KIA ဘက်က အထိအခိုက် အကျအဆုံး ဘယ်လောက်ရှိခဲ့ပါသလဲရှင့်။

ဗိုလ်ကြီး ဇော်တောင်။     ။လွန်ခဲ့တဲ့ ၁၆ ရက်နေ့မှာ တိုက်ပွဲ ၂၆ ပတ်မှာ ကျနော်တို့ဆီက ၁ ယောက်ကျတယ်၊ ၁၉ ရက်နေ့မှာ တိုက်ရင်း ၁၁  မြစ်ကြီးနားမြို့ရဲ့အနောက် မြောက်ဘက် ၁၅ မိုင်ရဲ့အကွာအဝေးမှာ ခြုံခိုတိုက်ခိုက်ခံရချိန်မှာ ကျနော်တို့ဆီက ၁ ယောက်ကျတယ်၊ ၁၉ ရက်နေ့မှာ အားလုံးသိကြတဲ့အတိုင်း ကျောင်းသားတွေအားလုံး ၂၃ ယောက် ဒဏ်ရာရတာ ၂၀ ပြီးတော့မှ စနေနေ့ညက ၂ ယောက်ဒဏ်ရာရတယ်၊ မနေ့က မနက် အစောပိုင်း ပစ်ခတ်မှုမှာတော့ ဘာမှမဖြစ်ဘူး အထိခိုက်မရှိပါဘူူး။

မဝေယံမိုးမြင့်။      ။ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ ဆောင်ရွက်နေချိန်မှာ ဒီလိုပစ်ခတ်မှှုတွေဖြစ်ပွားနေတဲ့ အပေါ် အစိုးရတပ်နဲ့ ဘယ်လို ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိပါသလဲရှင့်။

ဗိုလ်ကြီး ဇော်တောင်။     ။၁၉ ရက်နေ့က ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျွန်နော်တို့ KIO  ဆွေးနွေးရေး ခေါင်းဆောင်(..)ဝန်ကြီးဦးအောင်မင်းကို စာရေးထားတယ်၊ အဲ့ဒီ ၁၆ ရက်နေ့ကစပြီးတော့မှ ၁၉ ရက်နေ့အထိဖြစ်စဉ်ကို စာရေးပြီးတော့မှ အကြောင်းကြားထားတယ်၊ ဒါပေမဲ့ ဦးအောင်မင်းကနေပြီးတော့မှ ဘာမှအကြောင်းပြန်လာတာ မရှိဘူး၊ ဒါကြောင့်မို့လို့ ရှေ့ဆက်ဘယ်လိုလုပ်ကြမယ် ဆိုတာကို ကျနော်တို့ သူတို့ဆီကအကြောင်းမပြန်သေးတော့ ကျနော်တို့ အခုအချိန်တော့ မပြောနိုင်သေးဘူး။

မဝေယံမိုးမြင့်။      ။ဟုတ်ကဲ့ပါရှင့် ပြန်တွေ့ရဖို့ရှိတဲ့ အပစ်အခတ်ရပ်စဲရေးမှာ ဒါတွေကိုရော ဆွေးနွေးဖို့ရှိပါသလားရှင့်။

ဗိုလ်ကြီး ဇော်တောင်။     ။ဆွေးနွေးပွဲတွေဖြစ်လာရင်တော့ ဒါတွေကိုတော့ အပြန်အလှန်တော့ ပြောရမှာပေါ့၊ ကချင်ပြည်နယ်မှာရှိတဲ့ ကချင်ပြည်နယ်အစိုးရနဲ့ မြောက်ပိုင်းတိုင်က တပ်မှူးတွေတချို့တွေနဲ့ ပဋိပက္ခညှိနှိှုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ပေးထားတာက အဲ့ဒါလည်းရှိသေးတယ်လေ၊ အဲ့ဒီအဖွဲက ၁ လ တစ်ကြိမ်တော့တွေ့တာပေါ့၊ ဒါပေမဲ့ လာမယ့်ဒီဇင်ဘာလမှာလည်း ပြန်တွေ့ဦးမှာဆိုတော့ အဲ့ဒီအချိန်မှာလည်း ကျနော်တို့ိ ပြောဖြစ်မှာပါ။

မဝေယံမိုးမြင့်။      ။လက်ရှိချင်းမိုင်မှာ ကျင်းပနေ NCCT တွေ့ဆုံပွဲမှာ အခုပစ်ခတ်တိုက်ခိုက်နေတဲ့အပေါ် ထည့်သွင်းဆွေးနွေးတာမျိုးတွေ ရှိနေတယ်လို့ သိရပါလားရှင့်။

ဗိုလ်ကြီး ဇော်တောင်။     ။အဲ့ဒါတော့ ကျနော်မကြားမိသေးဘူး၊ ဟိုဘက်ကဆွေးနွေးတဲ့ဟာတွေကိုတော့ ကျနော်တို့ရဲ့တွဲဘက် အထွေထွေအတွင်းရေးမှူး သတင်းယူနေတယ်ဆိုတော့ ကျနော်တို့ဘာမှမသိရသေးဘူး၊ အဲ့ဒီ NCCT ကသတင်းတွေကို။

မဝေယံမိုးမြင့်။      ။အခုလိုပစ်ခတ်တိုက်ခိုက်မှှုတွေ ဖြစ်နေတာကြောင့် အစိုးရနဲ့ ညှိနှှိုင်းနေတဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းဟာ အခြေအနေ ဘယ်လိုဖြစ်သွားနိုင်ပါသလဲရှင့်၊ အရင်ဆွေးနွေးပွဲမှာ သဘောတူညီမှှုရထားတဲ့အချက်အလက်တွေကကော ပျက်သွားနိုင်ပါသလားရှင့်။

ဗိုလ်ကြီး ဇော်တောင်။     ။ကျနော်တို့အချင်းချင်း နှစ်တွေဒီလောက်ကြာအောင် တွေ့ဆုံနေတယ်၊ အဆင့်တွေ အများကြီးရောက်နေတယ်၊ ရောက်သွားနေပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကိစ္စပြန်ဖြစ်လာတဲ့ပေါ်မှာ ကျနော်တို့ တဘက်နဲ့ တဘက် ယုံကြည်မှှုဝါဒ တော်တော်လေးကို ထိခိုက်စေတာပေါ့၊ အရင်က ကျနော်တို့ KIO နဲ့ UPWC နဲ့ လွန်ခဲ့တဲ့နှစ် ၂ဝ၂၃ အောက်တိုဘာလ ၈ ရက်နဲ့ ၁ဝ ရက်တွေ့ဆုံတဲ့အချိန်မှာ သဘောတူထားတဲ့အချက်တွေ တချို့အဲ့ဒီကဟာတွေကို အပြည့်အဝမလိုက်နာနိုင်တဲ့ အတွက်ကြောင့်မို့ ပြဿနာတွေပြန်ဖြစ်လာတာပေါ့၊ မပြတ်သားနိုင်တယ်လို့ မဆိုလိုနိုင်ပေမဲ့လည်း လိုက်နာဖို့အရေးကြီးတယ်ပေါ့။

မဝေယံမိုးမြင့်။      ။KIA အနေနဲ့ လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုဆက်လက်ပြီးပါဝင်သွာဖို့ရှိပါသလဲရှင့်။
ဗိုလ်ကြီး ဇော်တောင်။     ။ကျနော်တ့ိုကတော့ အဲ့ဒီ NCCT နဲ့တွေ့နေတဲ့အပေါ်မှာ အခုသူတို့ NCCT အစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်လာမယ်တော့ မသိဘူး၊ ကျနော်တို့ NCCT မှာအဖွဲ့ဝင်အနေနဲ့ ပါဝင်နေတယ်ဆိုတော့ အဲ့ဒီအပိုင်းကိုတော့ ကျနော်မပြောတက်သေးဘူးပေါ့။

မဝေယံမိုးမြင့်။      ။အစိုးရ အကောင်အထည်ဖော်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဟာ တစ်နိုင်ငံလုံးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်လာနိုင်မယ်လို့ ထင်ပါသလားရှင့်။

ဗိုလ်ကြီး ဇော်တောင်။     ။ကျနော်တို့ အားလုံးပါဝင်လာနိုင်အောင်တော့ ကြိုးစားနေတာပဲ၊ ဒီတလျှောက်လုံး NCCT ကကြိုးစားနေတာပဲလေ၊ အားလုံး မပါဝင်ဘူးဆိုရင်တော့ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုတာ မပီပြင်တော့ဘူးပေါ့၊ တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်နိုင်ဖို့တော့ အရေးကြီးတာပေါ့။

မဝေယံမိုးမြင့်။      ။KIA အနေနဲ့ ဒီလက်မှတ်ရေးထိုးမှှုမှာ ပါဝင်နိုင်တဲ့ အခြေအနေရှိနိုင်ပါသလားရှင့်။

ဗိုလ်ကြီး ဇော်တောင်။     ။အဲ့ဒါကတော့ ဟိုမှာဆွေးနွေးနေတုန်းပဲလေ၊ NCCT နဲ့ UPWC တို့ဆွေးနွေးနေတဲ့ အပေါ်မှာပဲမူတည်မှာပေါ့၊ ကျနော်တို့ကလည်း ခုနကပြောသလို NCCT မှ ကျနော်တို့ KIO ကိုယ်စားလှယ်အဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်နေပြီးသားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ NCCT နဲ့ UPWC တွေ့ဆုံဆွေးနွေးမှှု အပေါ်မှာပဲ မူတည်ပါတယ်။

မဝေယံမိုးမြင့်။      ။အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

 

 

 

 

 

 

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။