လူကုန်ကူးမှု တိုက်ဖျက်ရာမှာ လုံလောက်အောင် မဆောင်ရွက်တဲ့အတွက် မြန်မာနိုင်ငံကို အမေရိကန် ပြည်ထောင်စုရဲ့ ၂၀၀၀ ပြည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအရ ကန့်သတ် အရေးယူထားမှုတွေထဲက တချို့ကို လျှော့ချပေးခဲ့တာပါ။
ခုလို လျှော့ပေါ့ပေးဖို့ သမ္မတ အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ကလင်တန်ကို သောကြာနေ့က အခွင့်အာဏာ ပေးအပ်ခဲ့ပြီး မစ္စစ် ကလင်တန်က တနင်္လာနေ့မှာ အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့ပါတယ်။
အခုလို အရေးယူမှုတချို့ ဖယ်ရှားပေးတာနဲ့ ပတ်သက်ပြီး သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ မက်ကွာရီ တက္ကသိုလ်က မြန်မာ့ရေးရာပါရဂူ စီးပွားရေးပညာ ပါမောက္ခ Sean Turnell ရှောင် တန်းနယ်လ်ကို ဆက်သွယ် မေးမြန်းပြီး ဦးကိုကိုအောင်က တင်ပြထားပါတယ်။