မြန်မာ-ဓာတ်ငွေ့မိုင် ၅၀၀ ပိုက်လိုင်းမှာ ယိုစိမ့်မှုတွေရှိ


2013.04.11
gas-pipe-palaung75.jpg gas-pipe-palaung75.jpg
Photo: RFA

မိုင် (၅၀၀) ရှည်လျားတဲ့ မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှာ ယိုစိမ့်မှုတွေ အများအပြားတွေ့ရှိရတယ်လို့ ရှမ်းပြည်နယ် ဒေသခံ အဖွဲ့အစည်းတွေက ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်း ကဖေါ်ပြပါတယ်။

တာဝန်ရှိသူတွေက ပိုက်လိုင်းတလျှောက် ရေနဲ့ စမ်းသပ်ကြည့်တဲ့အခါ နေရာအတော်များများမှာ ယိုစိမ့် နေတဲ့အပေါက်တွေ တွေ့ရှိရကြောင်း၊ အဲဒါကြောင့် ပိုက်လိုင်းအနီးက ဒေသခံတွေ စိုးရိမ်နေကြပြီး၊ ဓါတ်ငွေ့ တွေလွှတ်ပြီဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ သိချင်နေကြကြောင်း ရှမ်းပြည်နယ် တအောင်း ကျောင်းသား လူငယ်များ သမဂ္ဂ တွဲဘက်အတွင်းရေးမှူး စိုင်းမျိုးအောင် က ပြောတယ်လို့ ဆိုပါတယ်။

ယိုစိမ့်မှု နဲ့ပတ်သက်ပြီး ၂၀၁၂ ခုနှစ်က နှစ်ကြိမ်၊ ၂၀၁၃ ခုနှစ်အတွင်း နှစ်ကြိမ် ပိုက်လိုင်း တည်ဆောက်သူ တရုတ် CNPC ကုမ္ပဏီကို အကြောင်းကြားခဲ့တယ်လို့လည်း တအောင်း ကျောင်းသား လူငယ်များ သမဂ္ဂ အဖွဲ့ဝင် လွေးကွယ် က ပြောကြောင်း ဘန်ကောက်ပို့စ် က ဖေါ်ပြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တောင်သူလယ်သမား ကော်မတီ က ဧပြီလ (၅) နေ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာလည်း ပိုက်လိုင်းပေါ်မှာတွေ့ရတဲ့ အပေါက်တွေကို ကော်နဲ့ကြပ်ပီးပိတ်ထားပေမယ့် ဓာတ်ငွေ့တွန်းကန်အားကို ခံနိုင်မယ့်ပုံ မရှိကြောင်း၊ ဒေသခံတွေကိုလည်း တစုံတရာ သတိပေးထားတာမရှိကြောင်း ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရန်ကုန်မြို့မှာရှိတဲ့ CNPC ရုံး ပြောခွင့်ရသူ ချန်ေ၀ ကတော့ သူတို့အနေနဲ့ဘာမှ မကြားမိကြောင်း ပိုက်လိုင်းကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ တည်ဆောက်ထားတာဖြစ်ကြောင်း၊ ကွင်းဆင်း အင်ဂျင်နီယာ တွေကို ဒီကိစ္စမေးမြန်းကြည့်ပါမယ်လို့ ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းက ရေးသားပါတယ်။

ရခိုင်ပြည်နယ်အနောက်ပိုင်းကနေ တရုတ်ပြည် ယူန်ပြည်နယ်အထိ သွယ်တန်းထားပြီး၊ ဒေါ်လာ သန်းပေါင်း နှစ်ထောင် ကုန်ကျတဲ့ပိုက်လိုင်းကနေ လာမယ့်မေလ မှာ မြန်မာ့ သဘာဝဓါတ်ငွေ့တွေ စတင် ပို့လွှတ်တော့မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။