ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်ကြောင်း သံသယရှိသူ ၁၂ ဦးကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်း


2016.02.11
kyauktaw-township-620.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ကို မြင်ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ၁၂ ဦးကို စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ထံ မနေ့က လွှဲပြောင်းပေးအပ် လိုက်ပါတယ်။

အဲ့ဒီ ၁၂ ဦးဟာ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး အပြင် ပလက်ဝမြို့နယ်တို့က ဒေသခံတွေဖြစ်ပြီး တရားမဝင် အသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားတယ်လို့ အမည်မဖော်လိုသူ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးတစ်ဦးက ပြောပါတယ်။

"မတရားအသင်းဥပဒေနဲ့ မနေ့ကပဲ ဖွင့်ပြီးပါပြီခင်ဗျ၊ မင်းပြားကပါတယ်၊ ပုဏ္ဏားကျွန်းကပါတယ်၊ ရသေ့တောင်ကပါတယ်၊ ကျောက်တော်ကပါတယ်၊ မြောက်ဦးကပါတယ်၊ ကျနော်တို့ သိတာတော့ ကျောက်တော်မြို့နယ်နဲ့ အမ်းနဲ့ ပလက်ဝနယ်စပ်ကနေ ဖမ်းမိတယ်လို့ သိရပါတယ်ခင်ဗျာ"

အဲ့ဒီဒေသခံ ၁၂ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းလောက်က တပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာလည်း ရက္ခိုင့်တပ်မတော်ကို ပတ်သက်ဆက်နွယ်မှုနဲ့ ဖမ်းဆီးခံထားရသူ ၁၆ ဦးရှိပြီး ပြီးခဲ့တဲ့ ၃ ရက်လောက်က စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က မြို့နယ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ပြီး ပုဒ်မ - ၁၇(၁)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်လောက်က အစိုးရတပ်မတော်နဲ့ ရက္ခိုင့် တပ်မတော်(AA)တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အစိုးရတပ်မတော်က AA နဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဧပြီလက ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနောက်ပိုင်း ရခိုင်ဒေသခံ ၃ဝ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဲ့ဒီအထဲက ၁၈ ဦးဟာ ကျောက်တော်မြို့နယ် တရားရုံးမှာ ဒီနေ့အထိ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။