မောင်တော ကိုယ်စားလှယ်လောင်း ၁၉ ဦး အပယ်ခံရ


2015.08.30

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားသူ ၅၅ ဦး ရှိရာမှာ၊ အဲဒီထဲက ၁၉ ဦး ကို မောင်တော ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ပယ်ချလိုက်ပါတယ်။

ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နဲ့ မကိုက်ညီလို့ ပယ်ချတာ ဖြစ်ကြောင်း၊ အပယ်ခံရတဲ့ အများစု ဟာ မွေးဖွားစဉ်က မိဘတွေနိုင်ငံသား မဖြစ်သေးတာ တွေ့ရှိရကြောင်း မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးဆန်းဝင်းထွန်း က ပြောပါတယ်။

"၅၅ ယောက်မှာ ၁၉ ယောက်က အရည်အချင်းနဲ့ မကိုက်ညီလို့ပယ်ထားပါတယ်၊ များသောအားဖြင့် မွေးဖွား စဉ်နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါး မှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ၊ မွေးဖွားသည့်နိုင်ငံသား၊ အဲ့ဒါ ဆိုရင် ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရဆိုပြီး၊ ပုဒ်မ ၁၀ မှာပြဌာန်း ထားပါတယ်၊ ပုဒ်မ ၈/ က နဲ့တော့ လွှတ်တော်ကိုယ်စားလှယ်ထိရွေးကောက်တင်မြှောက်ခံရတဲ့အချိန်နှင့် တခါ တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ်အခြေချနေထိုင်ခဲ့သူ၊ အဲ့အချက်တွေနဲ့ ညှိစွန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပယ်ထားတာ"

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ်မြေ အမှတ်(၂) ကနေ ယှဉ်ပြိုင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးထွန်းမင်းစိုး ဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားမဝင် သွားရောက်ခဲ့တာကြောင့် မြန်မာနိုင်ငံတွင်းမှာ ၁၀ နှစ်ဆက်တိုက် နေထိုင်သူဖြစ်ရမယ်ဆိုတဲ့ အချက်နဲ့ ငြိစွန်းနေ တာကြောင့် ပယ်ချလိုက်တာဖြစ်တယ်လို့ ဦးဆန်းဝင်းထွန်း က ပြောပါတယ်။

မောင်တောခရိုင်မှာ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် နှစ်ခုအတွက် မဲဆန္ဒနယ်မြေ ၆ ခုရှိပါတယ်။ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ် လွှတ်တော်တွေအတွက် ကိုယ်စားလှယ်လောင်း ၅၀ ကျော် အမည် စာရင်းတင်သွင်းထားကြရာမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ စတဲ့ ပါတီတွေအပြင် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အပါအဝင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် မယ့်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်တာတွေအတွက် သြဂုတ်လ ၃၁ ရက်နေ့ မနက်ဖြန် နောက်ဆုံး ရက် ဖြစ်ပါတယ်။

မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲအရာရှိ ဦးဆန်းဝင်းထွန်းကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။