သန္တိသုခကျောင်းတိုက် သိမ်းယူမှုအပေါ် ၈၈ မျိုးဆက်ကန့်ကွက်


2014.06.11
mahatannithukha-monastry-305 မဟာသန္တိသုခကျောင်းပုံ
Photo: yatanavasatemple.ning.com

မဟာသန္တိသုခကျောင်းတိုက်ကို မနေ့ညက သာသနာရေးဝန်ကြီးဌာနက ချိတ်ပိတ်လိုက်တာကို ကန့်ကွက်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပီနန်ဆရာတော်ရဲ့ ကျောင်းတိုက်ကို အင်အားသုံးဖြေ ရှင်းလိုက်တာဟာ မသင့်တော်တဲ့အတွက် ကန့်ကွက်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီက အခုလို ပြောပါတယ်။

"မနေ့ညက ဖြစ်သွားတဲ့ဖြစ်စဉ်က ရုပ်ပျက်ဆင်းပျက်နိုင်ပြီး အကျည်းတန်တယ်၊ သာသနာ့ကိစ္စရပ်တစ်ခုဖြစ်တဲ့အတွက် လိုအပ်သလို စီစဉ်ဆောင်ရွက်တာ မှန်ပေမယ့်လည်း ဒီလိုအင်အားသုံးပြီးဆောင်ရွက်တာဟာ မသင့်တော်ဘူးထင်တယ်၊ အဓိကကတော့ ပီနန်ဆရာတော်ကြီး ဂျပန်ကိုကြွနေတဲ့အချိန်မှာ ဝင်ရောက်စီးနင်းပြီးတော့ ပြဿနာကို ဖြေရှင်းတာဟာလည်း ဗုဒ္ဓဘာသာတွေရဲ့ ထုံးစံနဲ့မညီဘူးလို့"

မဟာသန္တိသုခကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်နေတဲ့ ပီနန်ဆရာတော်ရဲ့  တပည့်သံဃာ ၄ပါး နဲ့ အဲဒီကျောင်းတိုက်က စာသင်သား သံဃာအပါး၂၀ စုစုပေါင်း ၂၄ ပါးကို မနေ့ညက ရဲတပ်ဖွဲ့က ဖယ်ရှားခဲ့ပါတယ်။  ဒါ့အပြင် အာဏာပိုင်တွေက ကျောင်းတိုက်မှာရှိနေခဲ့တဲ့ လူပဂ္ဂိုလ် ၃၂ ဦးကိုလည်း ဖယ်ရှားခဲ့ပြီး ကျောင်းတိုက်ကို ချိတ်ပိတ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်မှာ သီတင်းသုံးခဲ့တဲ့ သံဃာတော်တချို့နဲ့ နေထိုင်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေဟာ တရားမဝင်နေထိုင်ခဲ့တာကြောင့် ဥပဒေကြောင်းအရ စီစစ်အရေးယူသွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက ဒီနေ့ ပြောပါတယ်။

ဒီနေ့  ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေးဝန်ကြီးဌာနမှာကျင်းပတဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်က အခုလို ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့် RFA သတင်းထောက် မဝေယံမိုးမြင့် စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားများ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဌေးကြွယ်နဲ့ ဆက်သွယ်မေးမြန်းချက်ကို တဆက်ထဲနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။