လူ့အခွင့်ရေး ချိုးဖေါက်မှု မြန်မာ အစိုးရ ဖြေရှင်းနိုင်ခြင်းမရှိဟု AI ပြောကြား


2016.02.23

မြန်မာနိုင်ငံအတွင်း ဘာသာရေးဆိုင်ရာ အယူအဆလွဲမှားမှုနဲ့ သဘောထားတင်းမာမှုတွေ တနေ့တခြားတိုးပွား လာနေပြီး မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ ရန်ပြုမှုတွေကို မြန်မာအစိုးရအနေနဲ့ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

လန်ဒန်မြို့အခြေစိုက် AI အဖွဲ့က ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ၂ဝ၁၅-၁၆ ခုနှစ် အတွက် နှစ်ပတ်လည် လူ့အခွင့်အရေးအစီရင်ခံစာမှာ မြန်မာအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်္ဘာ ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း  ဗုဒ္ဓဘာသာဝင်တွေထဲက သဘောထားတင်းမာတဲ့ အမျိုးသားရေး ဝါဒီအဖွဲ့အစည်းတွေကို တန်ခိုးသြဇာ ပိုမိုကြီးမားအောင် အားပေးခွင့်ပြုခဲ့ကြောင်း၊ ရခိုင်ပြည်နယ်က အဖိနှိပ်ခံ ရိုဟင်ဂျာတွေရဲ့ ဘဝတွေ ကလည်း တနေ့တခြားပိုမိုဆိုးဝါးလာခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ်အတွင်း လွတ်လပ်စွာ ဆန္ဒသဘောထားဖေါ်ထုတ်ခွင့်၊ ဖွဲ့စည်းခွင့် နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်တွေလည်း ပိုမိုဖိနှိပ်ချုပ်ချယ်ခံခဲ့ရကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နိုင်ငံတကာ ဥပဒေတွေကို ဥပက္ခာပြုပြီး  လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်လက်ဖြစ်ပွားတဲ့သတင်းတွေကို ရရှိခဲ့ကြောင်း၊ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကလည်း သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို သက်ဆိုင်ရာက အရေးယူမှုမရှိသလောက်ဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် ဆက်လက်ကျူးလွန်နေကြကြောင်း စသဖြင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ၂ဝ၁၅၊ ၁၆ ခုနှစ် အစီရင်ခံစာနိဒါန်းမှာ ရေးသားထားပါတယ်။

ခွဲခြားဆက်ဆံမှုဆိုင်ရာ အသေးစိပ်ဖေါ်ပြချက်တချို့မှာတော့ မြန်မာနိုင်ငံမှာ တခြားဘာသာဝင်တွေ အထူးသဖြင့် မွတ်စလင်တွေအပေါ်မုန်းတီးမှုတွေ သိသိသာသာ တိုးပွားလာနေပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေ ၄ ခုကို ပြီးခဲ့တဲ့နှစ်အတွင်း လွှတ်တော်က အတည်ပြုပြဌာန်းခဲ့ကြောင်း၊ အဲဒီမျိုးစောင့်ဥပဒေတွေထဲမှာ ဘာသာရေးနဲ့ ကျားမဆိုင်ရာ နှိမ့်ချခွဲခြားမှုတွေပါဝင်နေကြောင်း၊ ဘာသာရေးအစွန်းရောက် မျိုးချစ်ဝါဒီအဖွဲ့တွေက ဦးစွာကမကထပြုလုပ်ပြီးတင်ပြခဲ့တဲ့ ဒီဥပဒေတွေအပေါ် ဝေဖန်ပြောကြားသူတွေကို ထောင်ဒဏ်ပေးအရေးယူ တာတွေ၊ ခြိမ်းခြောက်ရန်ပြုမှုတွေ ပေါ်ပေါက်ခဲ့ကြောင်း ရေးသားထားပါတယ်။

ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့တော့ အဲဒီလူနည်းစု မွတ်စလင်တွေဟာ ဆေးဝါးကုသခွင့်၊ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ သွားလာခွင့်တွေမှာ မြန်မာပြည်တွင်းက တခြားသူတွေနည်းတူမရရှိဘဲ အနှိမ်ခံနေရကြောင်း၊ ဖမ်းဆီးခံနေရစဉ် ညှင်းပမ်းမှုတွေ သေဆုံးမှုတွေရှိသလို အဲဒီသူတွေရှိတဲ့ ရခိုင်ပြည်နယ်က ဒေသတွေ ကို နိုင်ငံတကာအဖွဲ့အစည်းတွေ သွားရောက်ခွင့်ကိုလည်း သက်ဆိုင်ရာက တင်းကျပ်စွာ ကန့်သတ် ထားကြောင်း ဖေါ်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ၊ လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖေါ်ခွင့်တွေနဲ့ ပတ်သက်လို့တော့ ကျောင်း သားတွေအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်သူတွေကို အစိုးရက ဆက်လက်ဖမ်းဆီး အကျဉ်းချနေကြောင်း၊ ပြီးခဲ့ တဲ့နှစ်ကုန်အထိ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၁ဝဝ ကျော်ရှိကြောင်း၊ ဇူလိုင်လအတွင်း အကျဉ်းသား ၇ထောင်လောက် လွတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားက ၁၁ ဦးပဲပါဝင်ကြောင်း၊ အစိုးရက စာနယ်ဇင်းသမားတွေ၊ လူ့အခွင့်ရေးလှုပ်ရှားသူတွေကို နောက်ယောင်ခံလိုက်ခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ သူတို့အိမ်တွေ ရုံးခန်းတွေကို ဝင်ရောက် မွှေနှောက်ရှာဖွေခြင်း၊ ရန်ပြုခြင်း၊ တရားစွဲဆိုခြင်း မိသားစုဝင်တွေကို ခြိမ်းခြောက်ခြင်း စသဖြင့် ပုံသဏ္ဏန်မျိုးစုံနဲ့ ဆက်လက်ဖိနှိပ်နေကြောင်း ဖေါ်ပြထားပါတယ်။

တဆက်တည်းမှာပဲ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အောက်တိုဘာ ၁၅ ရက်နေ့ မှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးခဲ့ပေမယ့် တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်ခြင်းမရှိကြောင်း၊ တချို့ကို မြန်မာ့တပ်မတော်က လက်မခံလို့ ချန်ခဲ့တာဖြစ်ကြောင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ၊ နေရပ်စွန့်ခွာထွက်ပြေးမှုတွေ ဆက်လက်ဖြစ်ပေါ်နေကြောင်း၊ မြန်မာ့တပ်မတော်က ကလေးစစ်သား ၁၅ဝ ခန့်ကို ပြန်လွှွတ်ပေးခဲ့ပေမယ့် ကလေးစစ်သား အဓမ္မစုဆောင်းမှုတွေကို အစိုးရတပ်ဖွဲ့တွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေက ဆက်လက် ကျူးလွန်နေကြောင်း တင်ပြထားပါတယ်။

ဒါ့အပြင် စက်မှုလုပ်ငန်းတွေကြောင့် ပတ်ဝန်းကျင်ပျက်စီးမှု လေထုညစ်ညမ်းမှု လုပ်ငန်းခွင် လုံခြုံစိတ်ချရခြင်းကင်းမှု  စတဲ့ ပြသနာတွေအပါအဝင် လူသားတွေရဲ့မွေးရာပါအခွင့်အရေးတွေကို ကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံမှာ ဥပဒေတွေ အလုံအလောက်မရှိသေးကြောင်း၊ သတ္ထုတူးဖေါ်ရေးလုပ်ငန်းတွေမှာ လူ့အခွင့်ရေး ဖေါက်ဖျက်မှုတွေ အိုးအိမ်မဲ့ဖြစ်ရတာတွေ အများအပြားရှိနေကြောင်း၊ ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ မိမိတို့ဇာတိမွေးရပ်ကနေ စစ်မက်နဲ့ ဖိနှိပ်ညှင်းပမ်းမှုအပါအဝင် အကြောင်းမျိုးစုံကြောင့် ထွက်ပြေးနေရသူ ၂ သိန်း ၃ သောင်းကျော်ရှိနေကြောင်း ဖေါ်ပြထားပါတယ်။

အရေးယူခြင်းက လွတ်ကင်းမှု အခန်းမှာတော့ မြန်မာပြည်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့ခွင့်ရေးချိုးဖေါက်မှုတွေ အကျယ်အပျံ့ဆက်လက်ဖြစ်ပွားနေပြီး အရေးယူမှု မရှိသလောက်ဖြစ်ကြောင်း၊ သတင်းထောက် ကိုပါကြီး အသတ်ခံရမှုအတွက် စွဲချက်တင်ခံရတဲ့ တပ်မတော်အရာရှိ ၂ ဦးကို စစ်ခုံရုံးက အပြစ်ကင်းမဲ့တယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ဒီအမှုကို ရဲတပ်ဖွဲ့က စုံစမ်းလို့ မပြီးခင်၊ တရားရုံးကစစ်ဆေးလို့ မပြီးဆုံးခင်မှာ စစ်ခုံရုံးက အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း စသဖြင့် လန်ဒန်မြို့အခြေစိုက် AI ခေါ်နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ နှစ်ပတ်လည် လူ့အခွင့်အရေးအစီခံစာ မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။