ပြည်နယ်အစိုးရကိစ္စ NLD မဆွေးနွေးလို့ ANP အတိုက်အခံ အဖြစ် ရပ်မည်


2016.02.07
anp-campaign-ygn-620.jpg အောက်တိုဘာလ ၂၅ ရက်နေ့က ကျိုက္ကဆံ လူထုဟစ်တိုင်ကွင်းမှာ ရခိုင်အမျိုးသားပါတီ (ANP) ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးဟောပြောနေစဉ်
Photo: Kyaw Zaw Win/ RFA

ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရခိုင်အမျိုးသားပါတီနဲ့ တွေ့ဆုံဆွေးနွေးတာမရှိတဲ့အတွက် အတိုက်အခံ ပါတီအဖြစ် ရပ်တည်သွားမယ့် ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) က ဒီနေ့ကြေငြာချက် ထုတ်ပြန်လိုက် ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ရခိုင်ပြည်နယ်မှာ လွှတ်တော် ကိုယ်စားလှယ် အများဆုံး အနိုင်ရရှိထားတဲ့ပါတီအပေါ်မှာ အလေးထားမှု မရှိတာကြောင့် အခုလိုဆုံးဖြတ်ခဲ့ကြတာလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ အနိုင်အရဆုံးပါတီ၊ နောက်မြန်မာနိုင်ငံမှာ တတိယအောင်မြင်ဆုံးပါတီအနေနဲ့ ကျနော်တို့ရခိုင်တိုင်းရင်းသားများ တိုင်းရင်းသားများ ရဲ့အခွင့်အရေးကို ရရှိသင့်တယ်လို့ ကျနော်တို့ယူဆပါတယ်၊ ကျနော်တို့မှာလုပ်ပိုင်ခွင့်အာဏာကိုလည်း ကျနော်တို့ဒီမိုကရေစီပါတီကြီးက ကျနော်တို့ ရခိုင်အမျိုးသားပါတီအပေါ်မှာ လေးနက်မှု၊ ဂရုပြုမှုအားနည်းတာကို ကျနော်တို့တွေ့ရပါတယ်၊ ကျနော်တို့က အဲ့ဒီ ၁/ ၂ဝ၁၁ ကို အထူးပြင်ဆင်ဖြည့်စွက် စရာမလိုဘဲ နဲ့ ဒီတိုင်းပဲကျနော်တို့ ကိုင်စွဲပြီးတော့ရပ်တည်သွားမယ်၊ ကျနော်တို့ ထပ်ဆင့်အတည်ပြုတာပါ"

မနေ့က စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုဌာနချုပ်မှာပြုလုပ်တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ဒီနေ့ကြေငြာချက်ကို ထုတ်ပြန်တာလို့လည်း သိရပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ United Nationalities Alliance (UNA) အဖွဲ့နဲ့ မဟာမိတ်ဆက်ဆံမှုကို ရပ်စဲပြီး ရခိုင်အမျိုးသားတို့ရဲ့ သမိုင်းဖြစ်စဉ်၊ လူမှုဘဝ ဖြတ်သန်းမှုအခြေအနေအရပ်ရပ်ကို စာနာ နားလည်ပေးနိုင်တဲ့ ညီနောင်တိုင်းရင်းသား များ ဖက်ဒရေးရှင်း National Brotherhood Federation (NBF)နဲ့သာ အခိုင်အမာ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသားပါတီ(ANP)အနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံအဝှမ်းငြိမ်းချမ်းရေးတည်ဆောက်မှုတွေမှာ ပါဝင်သင့်ပါဝင် ထိုက်သူအားလုံး ပါဝင်ခွင့်ရရှိရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ အဆင့် အတန်းတူ ညှိနှိုင်းအဖြေရှာ နိုင်ရေး အစဉ်တစိုက် အားသွန်ကြိုးပမ်း ဆောင်ရွက် သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီ ဗဟိုကော်မတီ အဖွဲ့တို့ ဒီနေ့ထပ်မံတွေ့ဆုံခဲ့ကြပြီး ပါတီရဲ့ သဘောထားအတိုင်း ရပ်တည်ကြဖို့နဲ့ ရပ်တည်မှုမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီက လိုအပ် သလို အရေးယူသွားမယ့်အကြောင်း အသိပေးပြောဆိုခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။ မနက်ဖြန် ကျင်းပမယ့် ရခိုင်ပြည်နယ်လွှတ်တော်အတွက် ဥက္ကဌ ၊ ဒုဥက္ကဌ အမည်စာရင်း တွေကိုလည်း ပါတီက ရွေးချယ်ထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။