အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စတင်ဖွင့်လှစ်


2014.08.08
asean-305 ၄၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးမှာ သြဂုတ်လ ၈ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက်ရောက် မိန့်ခွန်းပြောကြားစဉ်
Photo: Win Naung Toe / RFA

၄၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ အာဆီယံဒေသတွင်းဖိုရမ် ကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ဒီနေ့ စတင်ကျင်းပရာ အာဆီယံအလှည့်ကျဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

မတည်မငြိမ်ဖြစ်နေတဲ့ ကမ္ဘာ့အခြေအနေတွေကို အာဆီယံနိုင်ငံတွေအနေနဲ့ စုပေါင်းထိန်းသိမ်းဖို့  လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"ယနေ့ ကမ္ဘာ့အခြေအနေများကိုကြည့်လျှင် စိုးရိမ်ဖွယ်ရာ မတည်မငြိမ်မှှုများစွာကို တွေ့ရပါ လိမ့်မယ်၊ အာဆီယံအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို စုပေါင်းထိန်းသိမ်းစေရေးအတွက် အာဆီယံကိုအခြေခံပြီး ပြောင်းလဲတိုးတက်နေ တဲ့ ဒေသဆိုင်ရာဗိသုကာများကို ပိုမိုခိုင်မာအောင်ဦးဆောင် ဆောင်ရွက်သွားကြမယ်"

သြဂုတ်လ ၈ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ အာဆီယံဒေသတွင်းဖိုရမ် အစည်းအဝေးတွေကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေအပြင် အမေရိကန်၊ နော်ဝေ၊ တရုတ်၊ မွန်ဂိုလီယား၊ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေ လည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

၃ ရက်ကြာ ကျင်းပမယ့် အစည်းအဝေးမှာ တရုတ်နဲ့ အိမ်နီးခြင်းနိုင်ငံတွေ အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင်အရေး ၊ အရှေ့တောင်အာရှဒေသ နျူကလီးယားလက်နက် ကင်းမဲ့ဇုန်စာချုပ် အကောင် အထည်ဖော်ရေး၊ စတာတွေကို ဆွေးနွေးမှာ အပြင်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ အစည်းအဝေးတွေကို ကျင်းပမှာဖြစ်ပါတယ်။

RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။