ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်ဖို့ လွှတ်တော်အတည်ပြု


2017.11.10
theinswe-622.JPG အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ ကို နိုဝင်ဘာလ ၁ဝ ရက်နေ့ လွှတ်တော်မှာတွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ သဘောတူညီချက်ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက် ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ က သဘောတူညီချက်မှာ လက်မှတ်ရေး ထိုးရင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ အကာအကွယ်ရနိုင်တယ်လို့ ပြောပါတယ်။

"ဒီသဘောတူညီချက်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့မယ်ဆိုရင် ရွှေ့ပြောင်းအလုပ်သမားများရဲ့ အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်နိုင်ခြင်းနဲ့ မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံသဘောတူညီချက် ထွက်ပေါ်လာမယ် ဆိုတော့ကာဖြစ်မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် စံသတ်မှတ်ချက်တစ်ခု ရရှိလာမှာဖြစ်ပါတယ်၊ ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့လည်း အာဆီယံဒေသအတွင်း ရွှေ့ပြောင်းသွားလာတဲ့နေရာမှာ အာဆီယံနိုင်ငံများရဲ့ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အခွင့်အရေးများနဲ့ ကာကွယ်စောင့်ရှောက်မှုများ ရရှိခံစားလာနိုင်မှာဖြစ်ပါတယ်"

ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ထိုးဖို့ကိစ္စကို နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ခဲ့တာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ် ၁၇ဦးက ထောက် ခံဆွေးနွေးပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာပါ။

ပြည်ထောင်စုလွှတ်တော်က သဘောတူရင် အဲဒီသဘောတူညီချက်ကို လာမယ့် ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ လက်မှတ်ရေးထိုးမယ်လို့လည်း ဦးသိန်းဆွေ ကပြောပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ ငါးရာခိုင်နှုန်းထက်မနည်းဟာ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံ တချို့မှာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် လုပ်ကိုင်နေကြပါတယ်။

မြန်မာလုပ်သားအများစုဟာ ရေလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသလို အမျိုးသမီတွေဟာ အိမ်အကူလုပ်ငန်းတွေ လုပ်ငန်းနေကြတာဖြစ်ပြီး ကာကွယ်မှုတွေ လိုအပ်တာတွေလည်းရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။