တိုင်းအစိုးရကို ရေလုပ်သားတွေ ဆန္ဒပြ


2017.06.20
fisherman-620.jpg ကွန်ပစ်နေသူတစ်ဦးကို တွေ့ရစဉ်
Photo: RFA

ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၁၂ မြို့နယ်က ရေလုပ်သားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးဖို့ဆိုပြီး ပုသိမ်မြို့မှာ ရေလုပ်သား တစ်ထောင်ခန့်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အင်းတွေတော်တော်များများကို အင်းပွဲစားတွေနဲ့ အင်းသူကြီးတွေက လက်ဝါးကြီးအုပ်ထားတဲ့အတွက် ရေလုပ်သား ငယ်တွေလုပ်ကိုင်ဖို့ လုပ်ကွက်ပျောက်နေကြောင်း ဒီနေ့ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးတင်ဝင်း က ပြောပါတယ်။

"ရေလုပ်သားတွေရဲ့ အကျိုးစီးပွားကို တိုင်းအစိုးရအနေနဲ့ ကာကွယ်ပေးဖို့၊ အကျိုးစီးပွားတွေကို မြှင့် တင်ပေးဖို့ ကျနော်တို့ တောင်းဆိုတာ ဖြစ်ပါတယ်၊ အင်းနေရာတော်တော်များများကို အင်းပွဲစားတွေနဲ့ အင်းသူကြီးတွေက လက်ဝါကြီးအုပ်ထားတဲ့အခါကျတော့ ရေလုပ်သားငယ်တွေမှာ လုပ်ကွက်ပျောက် သွားတဲ့ သဘောရှိပါတယ်၊ ရပ်ရွာအခြေပြု ရေလုပ်သားအဖွဲ့တွေ ဖွဲ့ပေးရမှာက ဧရာဝတီတိုင်း ရေချို ငါးလုပ်ငန်းဥပဒေမှာ ပါပြီးသား၊ ဖွဲ့မပေးတဲ့အခါကျတော့ ၂၀၁၂ ရေချိုငါးလုပ်ငန်းဥပဒေမှာပါတဲ့ အဲဒီအပိုဒ်က ဥပဒေ မတည်သလိုဖြစ်နေတာပေါ့၊ ဒါကို ကျနော်တို့ အဓိက အခြေပြုပြီးဆန္ဒပြတာပါ။"

အင်းတွေထဲမှာ ငါးကန်တွေ ဝင်တူးတာကြောင့် အင်းတွေ တိမ်ကောပပျောက်သွားတဲ့အတွက် စည်းမျည်း ဥပဒေတွေနဲ့အညီ အရေးယူပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

အရင်က ရေလုပ်သားတွေဟာ အခွန်အခပေးပြီး အင်းတွေထဲမှာ ရှာဖွေလုပ်ကိုင်ကြပေမယ့် အခု နောက်ပိုင်း မှာတော့ အင်းတွေကို ပိတ်ပြီး ငါးကန်တွေတူးထားတာကြောင့် ရေလုပ်သားတွေအတွက် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ပြောပါတယ်။

ဆန္ဒပြပွဲမှာ ကျုံပျော်၊ ကျောင်းကုန်း၊ ပန်းတနော်၊ သာပေါင်း၊ ညောင်တုန်း၊ လပွတ္တာ၊ ကန်ကြီးထောင့်၊ လေးမျက်နှာ၊ အင်္ဂပူ၊ မအူပင်၊ ဘိုကလေး၊ ကျိုက်လတ် စတဲ့မြို့နယ်တွေက ရေလုပ်သားငယ်တွေပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ရပ်ရွာအခြေပြု ရေလုပ်သားအစုအဖွဲ့များ ပေါ်ပေါက်ရေး၊ ရေလုပ်သားအစုအဖွဲ့တွေကို ရေ လုပ်သားလုပ်ကိုင်ခွင့်ပြုပေးရေး၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ မတိမ်ကောအောင် ကာကွယ်စောင့်ရှောက်ရေး စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။