ဘန်းချောင်းကျောက်မီးသွေး စီမံကိန်းကို တိုင်းအစိုးရအဖွဲ့ သွားရောက်စစ်ဆေး


2017.02.22
banchaung-coal-plant-620.jpg တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်းကျောက်မီးသွေး စီမံကိန်းကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလက တိုင်းအစိုးရအဖွဲ့တွေ သွားရောက်စစ်ဆေးစဉ်
Photo: Tanintharyi Regional Government/ Facebook

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဘန်းချောင်းကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းမှာ သဘာ၀ ပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်အပေါ် ထိခိုက်စေတာတွေ စစ်ဆေးတွေ့ရှိခဲ့ပြီး လုပ်ပိုင်ခွင့်ပေးမထားတဲ့ ထိုင်းကုမ္ပဏီ တစ်ခုက ကျောက်မီးသွေးတူးဖော်နေတာကို တေ့ွရှိခဲ့တယ်လို့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။

မြေပြင်အခြေအနေမှာ တေ့ွရှိခဲ့ရတဲ့အခြေအနေတွေကို တိုင်းအစိုးရအဖွဲ့ဝင် သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင် က အခုလိုပြောပါတယ်။

"မြေပြင်အနေခြေအနေမှာ မီးလောင်နေတဲ့ဟာတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ အစီမံတွေကိုလည်း မတွေ့ရဘူး။ ပြီးရင် ရေဆိုးစွန့်ပစ်တဲ့ အပိုင်းတွေမှာလည်း အားနည်းချက်တွေ တွေ့ရတယ်။ ပြီးရင် ထပ်ပြီးတော့လုပ်မယ့် ဧရိယာတွေနဲ့ ပတ်သက်ပြီး ရွာက ကွမ်းပင်တွေဘာတွေ ရှိနေတဲ့ နေရာတွေ ဖြစ်နေတယ်။ အဲ့ဒါတွေ ကျွန်တော်က တွေ့ရတာပေါ့။ MIC က ခွင့်ပြုထားတာက မြန်မာမေဖလားဝါးကို ခွင့်ပြုထားတာ။ သို့သော်လည်း မြေပြင်မှာ တကယ်လုပ်နေတာက မြန်မာမေဖလားဝါး မဟုတ်ဘူး။ East Star Maining ဆိုတဲ့ ထိုင်းကုမ္ပဏီတစ်ခုက လုပ်နေတာ။ အဲ့ဒါကလည်း ဆပ်ကန်ထရိုက်ပေးထားတာလို့ ပြောတာပဲ။ တရားဝင်မှု ရှိမရှိဆိုတာက ကျွန်တော်တို့ ပြန်စိစစ်မှာပါ။"

ဧက ၂ထောင်ကျော်မှာ အကောင်အထည်ဖော်နေတဲ့ ဘန်းချောင်းကျောက်မီးသွေးစီမံကိန်းကို မေဖလားဝါး သတ္တုတူးဖော်ရေးကုမ္ပဏီကို မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုကော်မရှင်က လုပ်ပိုင်ခွင့်ပေးထားတာဖြစ်ပေမယ့် မြေပြင်မှာ ထိုင်းအခြေစိုက် ကုမ္ပဏီတစ်ခုက ကျောက်မီးသွေးတူးဖော်နေတာကို ကွင်းဆင်းစစ်ဆေးချိန်မှာ တွေ့ရှိခဲ့တာဖြစ် ပါတယ်။

အဲဒီကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းကြောင့် လူမှုဘဝထိခိုက်နစ်နာမှုတွေ ရှိနေတယ်ဆိုပြီး ဘန်းချောင်းဒေသ ခံတွေက တိုင်းအစိုးရအဖွဲ့ထံ တိုင်ကြားထားတဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

စစ်ဆေးစဉ်မှာ ဒေသခံတွေ တိုင်ကြားတဲ့အတိုင်း သတ္တုတွင်းက ရေဆိုးတွေကို ဘန်းချောင်းထဲကို စွန့်ပစ် တာတွေ၊ ကျောက်မီးသွေးတွေ မီးလောင်နေတာကြောင့် အနံ့ဆိုးတွေ ထွက်ပေါ်နေတာတွေ ရှိနေတယ်လို့ ဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။

စစ်ဆေးတေ့ွရှိချက်တွေကို ဒီတပတ်အတွင်း တိုင်းဝန်ကြီးချုပ်နဲ့ ပြည်ထောင်စု အစိုးရထံ တင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။