ဥပဒေကြမ်းနဲ့ ပြည်သူ့ငွေ စာရင်း ကော်မတီသစ်တွေ ဖွဲ့စည်း


2016.02.04
amyothar-hluttaw-feb3-620.jpg အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: NLD Chairperson

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အမြဲတမ်းကော်မတီ ၄ ခုထဲက ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေ စာရင်း ကော်မတီတွေကို လွှတ်တော်ကိုယ်စားလှယ် ၁၅ စီနဲ့ ဒီကနေ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။

လွှတ်တော်ရဲ့အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးနဲ့ အပြန်အလှန်ထိန်းကျောင်းနိုင်ရေးအတွက် ဥပဒေကြမ်းကော်မတီ ကို စတင်ဖွဲ့စည်းတာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ပြောပါတယ်။

"လွှတ်တော်ကော်မတီများ စတင်ဖွဲ့စည်းခြင်းဟာ ကျနော်များ လွှတ်တော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးနဲ့ အချင်းအချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတာဝန်များကို စတင်ထမ်းဆောင်နိုင်ဖို့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဦးစွာတင်ပြလိုပါတယ်"

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌဖြစ်တဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် ကလည်း ခေတ် စနစ်နဲ့ မညီတဲ့ ဥပဒေတွေ ပြင်ဆင်ရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ ပြော ပါတယ်။

"ဥပဒေရေးရာကော်မတီက အရင်လုပ်ခဲ့တာတွေရှိပါတယ်၊ ပြီးခဲ့တဲ့ ပထမအကြိမ်က လုပ်ခဲ့တာတွေရှိ ပါတယ်၊ အဲ့ဒါတွေက အန်ကယ် ပထမဆုံး ပြန်ပြီးလေ့လာရတာပေါ့နော်၊ လေ့လာပြီးတော့မှ သူတို့ လုပ်ခဲ့တဲ့ဥစ္စာကို အန်ကယ် ပြန်ပြီးတော့မှ လေ့လာသင်ယူပြီးတော့မှ နောက်ထပ် ဘာလုပ်ရမလဲဆိုတာ အန်ကယ် ထပ်စဉ်းစား တယ်၊ ယျေဘုယျအမြင်တော့ အန်ကယ်စိတ်ထဲမှာပဲရှိတာ ၃ ခုရှိတယ်၊ ခေတ်နဲ့ မညီတဲ့ဥစ္စာတွေ ခေတ်နဲ့ ညီအောင် ပြုလုပ်မယ်၊ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဥပဒေတွေ ပြ ဌာန်းနိုင်အောင် အန်ကယ်တို့ ကြိုးစားမယ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ကိစ္စတွေ အန်ကယ်တို့ ကြိုးစားမယ်"

အဲ့ဒီကော်မတီမှာ အတွင်းရေးမှူးအဖြစ် ကျိုင်းတုံမဲဆန္ဒနယ်က ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးစတီဖန်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအဝင် အဖွ့ဲဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဌအဖြစ် အန်အယ်လ်ဒီပါတီက ဦးအောင်မင်းနဲ့ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်သန်း၊ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဌအဖြစ် အန်အယ်လ်ဒီပါတီက ဦးစောမိုးမြင့်နဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ် တို့ကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ဦးဇော်မင်း၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာမြတ်ဉာဏစိုး တို့အပါအဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

အဲ့ဒီကော်မတီတွေမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီနဲ့ ကျန်တဲ့နိုင်ငံရေးပါတီက ကိုယ်စားလှယ် တစ်ဦးစီလည်း ပါဝင်ပါတယ်။

ကော်မတီတွေရဲ့သက်တမ်းဟာ ၅ နှစ်ဖြစ်ပြီး ကော်မတီသက်တမ်း ၁ နှစ်ပြည့်ရင် လွှတ်တော်ဥက္ကဌက ကော်မတီအဖွဲ့ဝင်တွေ ကို အစားထိုးလဲလှယ်တာတွေ ပြုလုပ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်မှာဖွဲ့စည်းခဲ့တဲ့ ကော်မတီတွေ၊ ကော်မရှင်တွေမှာ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်တွေကို လေ့လာသူတွေအဖြစ်သာ ထည့်သွင်းခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ အမြဲတမ်းကော်မတီဝင်အဖြစ် ထည့်သွင်းလိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။