ဆရာဝန်တွေရဲ့ ဖဲကြိုးနက်လှုပ်ရှားမှု ပြန်စမည်


2016.01.22
back-ribbon-movement-620.jpg ကျန်းမာရေးဝန်ကြီးဌာနမှာ တပ်မတော်အရာရှိတွေ ခန့်ထားမယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ Black Ribbon Movement အနက်ရောင် ဖဲကြိုးလှုပ်ရှားမှုတွေ ပြုလုပ်စဉ်
Photo: Black Ribbon Movement Myanmar 2015 Facebook

တပ်မတော်ဆရာဝန်တွေကို အရပ်ဘက် ပြောင်းရွေ့ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းညွှန်ကြား မှု ဦးစီးဌာနက ထုတ်ပြန်တဲ့စာနဲ့ ပတ်သက်ပြီး ဖဲကြိုးနက် ဆရာဝန်များလှုပ်ရှားမှုအဖွဲ့က ကန့်ကွက်လိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားမှုဦးစီးဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့စွဲနဲ့ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်သင်တန်းဆင်း ပါရဂူဆေးမှူးတွေကို ချင်းပြည်နယ်နဲ့ နာဂဒေသမှာ တာဝန်ထမ်းဆောင်ဖို့ ကျမ်းမာရေးဝန်ကြီးဌာနကို ဆန္ဒအလျောက် ပြောင်းရွေ့လိုသူစာရင်းပေးပို့ဖို့ တောင်းခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဖဲကြိုးနက်ဆရာဝန်များအဖွဲ့က ဇန်နဝါရီလ ၂ဝ ရက်နေ့ က ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ အဖွဲ့က ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ အလင်္ကာ ကပြောပါတယ်။

"ကျမတို့ဘက်က တောင်းဆိုချင်တာက ဒီကတိကို တည်စေချင်ပါတယ်၊ တည်ဖို့လည်းမျှော်လင့်တယ်၊ အစိုးရသစ် နဲ့ စပ်ကူးမတ်ကူးကြားမှာ ဒီလိုမျိုးကို မလုပ်စေချင်ပါဘူး၊ ကျမတို့ အဲ့ဟာနဲ့ပတ်သက်ပြီး ကြေညာချက်တွေ ထုတ်ခဲ့ပါတယ်၊ တည်တည်ငြိမ်ငြိမ်လေးနဲ့ ဖြတ်သန်းရအောင်ပေါ့နော်၊ တပ်မတော်အနေနဲ့လည်း ကျမတို့နဲ့ တပ်မတော်ကြားမှာ၊ ပြည်သူနဲ့ တပ်မတော်ကြားမှာ အင်မတန်ကို နွေးနွေးထွေးထွေး ဆက်ဆံချင်တာပါ၊ ယုံကြည်မှုတွေ ချစ်ခင်မှုတွေ အပြန်အလှန် တည်ဆောက်နေတဲ့အချိန်မှာ ဒီလိုမျိုးလုပ်လိုက်တယ်ဆိုရင် တပ်မတော်ရဲ့ ပုံရိပ်ကျသွားပါလိမ့်မယ်"

ပြီးခဲ့တဲ့ နှစ်ကလည်း အလားတူ ပြဿနာပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြခဲ့ကြတဲ့အတွက် ကျန်းမာရေးဝန်ကြီးက နောင်အခုလို စီစဉ်ဆောင်ရွက်ခြင်းမပြုပါလို့ မီဒီယာတွေကတဆင့် နှုတ်ကတိပေးခဲ့တာဖြစ်ပါတယ်။

ဖဲကြိုးနက်လှုပ်ရှားမှုအဖွဲ့ရဲ့ ကြေညာချက်မှာ မိမိတို့ ရပ်တည်ချက်ဖြစ်တဲ့ တရားမဲ့မူဝါဒနဲ့ လွဲမှားသော စီမံခန့်ခွဲမှုများနဲ့ ပတ်သက်ပြီး ဆက်လက် ဆန့်ကျင်လှုပ်ရှားသွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အဖွဲ့က ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ အလင်္ကာကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။