ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သုံးဖို့ ငွေသန်း ၇ ထောင်ကို သမ္မတရုံးတောင်းခံ


2014.01.16
mpc-discuss-305.JPG ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စက်တင်ဘာလ ၁၁ ရက်နေ့ကပြုလုပ်တဲ့ အစိုးရ၊ KNU နဲ့ RCSS/SSA တို့ အပစ်အခတ်ရပ်စဲရေးအတွက် နည်းလမ်းပိုင်းဆိုင်ရာ ဆွေးနွေးပွဲ ကို တွေ့ရစဉ်
photo: RFA/ Myint Oo

လာမယ့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာအသုံးပြုဖို့ ကျပ်ငွေ သန်း ၇ ထောင်ကို သမ္မတရုံးက လွှတ်တော်မှာ တောင်းခံထားတယ်လို့ သိရပါတယ်။

သမ္မတရုံးအသုံးစရိတ်အတွက် စုစုပေါင်းကျပ်ငွေ သန်း ၂ သောင်းနီးပါး တောင်းခံထားပြီး၊ အဲဒီထဲမှာ မြန်မာငြိမ်းချမ်းရေးစင်တာ MPC အဖွဲ့ကဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုမယ့်ငွေကို အခုလိုထည့်သွင်းထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က

"နိုင်ငံတော်သမ္မတရုံးက ဒီလုပ်ငန်းစီမံကိန်းအသစ်ထဲမှာ တိုင်းရင်းသားနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လျာထားခြင်းဆိုပြီးတော့ သန်း ၇ ထောင် လျာထားပါတယ်၊ ငြိမ်းချမ်းရေးအတွက် အပါအဝင် စုစုပေါင်း စုစုပေါင်း သန်းတစ်သာင်း ကိုးထောင် ခြောက်ရာ ကိုးဆယ့်လေးသန်း ပြထားပါတယ်၊ အသေးစိတ်ရှင်းလင်းချက်မပါဘူး" လို့ပြောပါတယ်

သမ္မတရုံးက အခုတောင်းခံထားတဲ့ငွေသန်း ၂ သောင်းထဲမှာ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်မှာ အခမ်းအနားတွေကျင်းပဖို့ ကျပ် သန်း ၇ ထောင်ကျော်၊ အဲဒီအခမ်းအနားတွေပြုလုပ်မယ့် အဆောက်အအုံတွေသုံးစွဲဖို့ ကျပ်ငွေ သန်း ၃ ထောင်ကျော်နဲ့ နေပြည်တော် သန့်ရှင်းသာယာလှပရေးနဲ့ စည်ပင်သာယာရေးမှာ သုံးစွဲဖို့ ကျပ် သန်း ၁ ထောင့်သုံးရာကျော် တင်ပြတောင်းခံတာလို့ သိရပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာရဲ့လုပ်ငန်းတွေ စတင်လည်ပတ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ EU ဥရောပသမဂ္ဂအဖွဲ့က ယူရိုငွေ ၇ သိန်းမတည်ပေးခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာ ယူရိုငွေသန်း ၃၀ ထောက်ပံ့ပေးမယ်လို့ EU အဖွဲ့က ကတိပြုခဲ့တာရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။