ဘူးသီးတောင်မှာ နိုင်ငံသားပေး မယ့်အစီအစဉ်ကို ကန့်ကွက်
2017.02.03
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ မွတ်ဆလင်တွေကို အစိုးရက နိုင်ငံသားပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ စတင်လိုက်ပါတယ်။
အစိုးရက နိုင်ငံသားပေးဖို့ပြင်ဆင်နေတဲ့ကိစ္စဟာ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနဲ့ ညီညွတ်မှုမရှိတာကြောင့် အခုလို ကန့်ကွက်ဖို့စီစဉ်ရတာလို့ လက်မှတ်ရေးထိုး ကန့်ကွက်တဲ့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တဲ့ အေးစေ တီကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ကြီး အရှင်သောမ ကမိန့်ပါတယ်။
"ဆရာတော်တို့ ဒီဘူးသီးတောင်မြို့ပေါ်မှာရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပါတီအဖွဲ့အစည်း အားလုံးက အခုနိုင်ငံသားပေးမယ့်ဟာကို ၈၂ ဥပဒေနဲ့ မညီဘူးလို့ ယုံကြည်တယ်။ ဒါကြောင့် ဒီလို ကန့်ကွက်မယ်ဆိုပြီး လုပ်ရတာပါ။ အဓိကတောင်းဆိုချက်ကတော့ နိုင်ငံသားပေးတာ အခုဥပဒေနဲ့ မညီလို့ ရပ်တန့်ပေးပါဆိုတဲ့ သဘောပါ"
ဘူးသီးတောင်မြို့မှာ မွတ်ဆလင် ၃၀ ကျော်ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ အစိုးရကပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ သူတို့တွေထဲမှာ ပြီးခဲ့တဲ့အစိုးရလက်ထက် မြို့နယ်အဆင့်စိစစ်ရေးကော်မတီမှာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့မညီဘူးဆိုပြီး ကန့်ကွက်ခံထားရသူတွေပါဝင်နေတယ်လို့ ဆရာတော် အရှင်သောမ ကမိန့်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရဲ့ ပြည်နယ်ဦးစီးမှူး ဦးဝင်းလွင်ကို RFA က မေးမြန်းကြည့်ရာမှာတော့ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာသာဖြစ်တယ်လို့ ပြောပါတယ်။
ဒီနေ့ စတင်တဲ့ လက်မှတ်ရေးထိုးကန့်ကွက်မယ့် လှုပ်ရှားမှုကို ငါးရက်ကြာအောင် ကောက်ခံသွားမှာဖြစ်ပြီး ဒေသ ခံတွေရဲ့ လက်မှတ်ပေါင်း ၃၀၀၀ ကနေ ၅၀၀၀ လောက်အထိ ရရှိဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။
အဲဒီ လက်မှတ်တွေနဲ့ ကန့်ကွက်စာကို အချိန် တစ်ပတ်အတွင်းမှာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ နိုင်ငံရေး ပါတီတွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။
မနေ့က ဘူးသီးတောင် မြို့ပေါ်ကသံဃာတော်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီအပါအဝင် အခြားနိုင်ငံရေးပါတီတွေက အေးစေတီဘုန်းတော်ကြီးကျောင်းမှာ အစည်းအဝေး တစ်ရပ် ပြုလုပ်ပြီး အခုလိုကန့်ကွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။