ကြားဖြတ်ရွေးကောက်ပွဲအတွက် စင်္ကာပူရောက်မြန်မာတွေ ကြိုတင်မဲပေး


2017.02.26
by-election-sg-620.jpg ကြိုတင်မဲပေးဖို့ စောင့်နေသူတွေကို စင်္ကာပူက မြန်မာသံရုံးရှေ့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: စလုံး Page

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ ဒီနေ့ စင်ကာပူစံတော်ချိန် မနက် (၉)နာရီခွဲကနေ စတင်ပြီး မြန်မာသံရုံးမှာ ကြိုတင်မဲပေးနေ ကြပြီဖြစ်ပါတယ်။

မနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီခွဲအထိ မဲရုံဖွင့်ပေးထားပြီး နေ့လည် ၁ နာရီလောက် အထိ အယောက် ၉၀ ကျော် မဲပေးပြီး ဖြစ်တယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"ကျမတို့ ဒီစင်ကာပူ မြန်မာသံရုံးမှာပဲ မဲရုံဖွင့်ပေးထားတယ်ပေါ့နော်၊ မနက် ၉ နာရီခွဲကနေ ၅ နာရီခွဲအထိ မဲလာပေးမယ့်သူတွေ ပေးလို့ရအောင် စီစဉ်ပေးထားတယ်၊ အခုလာပေးတာတော့ ၉၀ ကျော်လောက်တော့ရှိပြီပေါ့နော်၊ ဒါပေမယ့် မဲရုံမပိတ်သေးတော့ အတိအကျတော့ မပြောနိုင်သေးဘူး။"

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲလက်မှတ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အမြန်ဆုံး ပေးပို့သွားဖို့ စီစဉ်ထားတယ် လို့လည်း ပြောပါတယ်။

စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲက ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၁၇၇ ဦး ရှိတယ်လို့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မဲပေးခွင့်ရှိသူ ၁၇၇ ဦးဟာ လှိုင်သာယာ၊ ကမာရွတ်၊ လှိုင်၊ အလုံ၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ ဒဂုံမြို့သစ်(အရှေ့)၊ ကော့မှူး၊ ဒဂုံဆိပ်ကမ်း၊ လသာ၊ ချောင်းဆုံ၊ အမ်း၊ ကျောက်တံခါး၊ မိုင်းရှူး၊ ညောင်လေးပင်နဲ့ မုံရွာမြို့က ဒေသခံတွေ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲပေးခွင့်ကို ၄ ရက်ကြာ ခွင့်ပြုခဲ့ပြီး ကြားဖြတ်ရွေးကောက် ပွဲမှာတော့ ဒီနေ့ တစ်ရက်တည်းသာ အပြီးပေးရမှာ ဖြစ်ပါတယ်။
လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် ၉ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၃ နေရာ နဲ့ ပြည်နယ်လွှတ်တော်အတွက် ၇ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် မဲပေးရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။