ရွေးကောက်ပွဲ အချိန်စာရင်း ၆ လကြိုတင် ကြေညာဖို့ တင်ပြ


2018.01.17
by-elections-cso-622.jpg ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Thant Zin Oo/ RFA

အခုနှစ်အတွင်း ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် အချိန်စာရင်း ကို ၆ လကြိုပြီး ကြေညာပေးဖို့အပါအဝင် အချက် ၃ ချက် အမြန်ဆုံးလုပ်ပေးဖို့အတွက် ရွေးကောက်ပွဲ မှုဘောင် ပြုပြင်ပြောင်း လဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့က ဒီကနေ့ ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ လျာထားတဲ့အချိန်ကာလနဲ့ လုပ်ငန်းစဉ်ကို ကြိုမသိရရင် မဲဆန္ဒရှင်တွေပါဝင်မှု နည်းနိုင်သလို၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် စီမံခန့်ခွဲမှု အခက်အခဲကြုံနိုင်တဲ့အတွက် တောင်းဆိုတာလို့ ရွေးကောက်ပွဲပြုပြင်ပြောင်း လဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှာပါဝင်တဲ့  ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

"ပထမအချက် ရွေးကောက်ပွဲကျင်းပမယ်လို့ ဆုံးဖြတ်ထားပြီးပြီ လွှတ်တော်ဥက္ကဌကြီးဆီကနေ အကြောင်းကြားစာ ရထားပြီဆိုရင် ရွေးကောက်ပွဲအချိန်ဇယားကို အမြန်ဆုံးထုတ်ပြန်ပါ၊ တိတိကျကျထုတ်ပြန်ပါ၊ လုပ်ငန်းစဉ် အသေး စိတ်ကို ထုတ်ပြန်ပေးပါ၊ နောက်တစ်ချက် ကျင်းပမယ်လို့ ဆုံးဖြတ်ထားပြီးရင် နိုင်ငံသားအားလုံးပါဝင်နိုင်တဲ့ ရာသီမျိုး ရွေးချယ်ပါလို့ ကျနော်က အဲသုံးချက်ကို တိုက်တွန်းပါတယ်"

ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲကို  ပွင့်လင်းရာသီကာလမျိုးမှာပဲ ရွေးချယ်ကျင်းပဖို့လည်း တောင်းဆိုချက်မှာ ပါဝင်ပါတယ်။

၂၀၁၇ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၂ သန်းကျော်ထဲက ၄% သာ မဲပေးခဲ့ တာကြောင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကို မဲဆန္ဒရှင်တွေ ပိုမိုစိတ်ဝင်စားအောင်လုပ်ဖို့ လိုတယ်လို့ ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့က ပြောပါတယ်။

လက်ရှိအချိန်မှာ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့မှာရှိတဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂ ခုနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆ နေရာ လစ်လပ်နေတာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို အခုနှစ် ဇွန်လကုန်ပိုင်းမှာ ပြုလုပ်ဖို့အတွက် ရည်မှန်းထားတယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။