ချောင်းဆုံတံတားဖွင့်ပွဲ သွားဖို့ ငွေကြေးကောက်ခံတာ မလုပ်ဖို့ NLD ပါတီဗဟို ညွှန်ကြား


2017.04.04
chaungsone-bridge-620.jpg မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်အကြား သံလွင်မြစ်ပေါ်က တံတားကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်နဲ့ ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း တံတားဖွင့်ပွဲကို သွားရောက်ဖို့အတွက် လိုက်ပါမယ့်သူတွေဆီကနေ ငွေကြေးကောက်ခံတာမလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုက ဒီနေ့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း NLD အလုပ်အမှုဆောင်အဖွဲ့တွေက လိုက်ပါမယ့်သူတွေဆီ ကနေ ငွေကြေးကောက်ခံတဲ့စာတစ်စောင် လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာပြီးနောက် NLD ဗဟိုက အခုလိုညွှန်ကြားချက် ထုတ်လိုက်တာဖြစ်ပါတယ်။ ဖွင့်ပွဲကို ဘယ်သူမဆိုသွားရောက်နိုင်ပြီး NLD နာမည် နဲ့ ငွေကြေးကောက်ခံခွင့် မပြုကြောင်း တားမြစ်ထားတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။

"ကျနော်တို့ ရန်ကုန်တိုင်းကို ညွှန်ကြားပြီးပါပြီ၊ အဲဒါမျိုးမလုပ်ရဘူး လုပ်ခွင့်မရှိဘူး ဒါမှမဟုတ် တံတားဖွင့်ပွဲကို ကိုယ့်ဘာသာ ကိုယ်သွားချင်ရင်လည်းသွား NLD နာမည်နဲ့ဒီလိုလုပ်ခွင့်မရှိဘူးလို့ တားလိုက်ပြီးပါပြီ"

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းတံတားဖွင့်ပွဲကို သွားရောက်လိုသူတွေအနေနဲ့ တစ်ဦးကို စရံငွေ ကျပ်တစ်သောင်းနဲ့ လိုက်ပါနိုင်ပြီး စရံငွေကို ဧပြီ ၄ ရက်နေ့ကနေ ၈ ရက်နေ့အထိ ပေးသွင်းဖို့ စာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီစာအပေါ် ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပြီး ဧပြီ ၄ ရက် ဒီနေ့မှာ တံတားဖွင့်ပွဲ သွားရောက်မယ့်အစီအစဉ် အတွက် ငွေကြေးကောက်ခံတာကို ရုပ်သိမ်းလိုက်ကြောင်း ထပ်မံထုတ်ပြန်လိုက်ပါတယ်။

အဲဒီလိုဆောင်ရွက်ခဲ့တဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ပါတီစည်းကမ်းနဲ့ ငြိစွန်းမှုရှိ မရှိ ကို ရန်ကုန်တိုင်းဒေသကြီး NLD ပါတီက စိစစ်ပြီး အစီရင်ခံစာထုတ်ပေးဖို့ ပါတီဗဟိုက ညွန်ကြားထားတယ်လို့ ဦးဉာဏ်ဝင်း ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။