ချောင်းဆုံမှာ မွန်ပါတီနဲ့ NLD မဲဆွယ်


2017.03.29
chaungsone-campaign-620.jpg NLD ပါတီမှ အဖွဲ့ဝင်တွေက မော်တော်ဆိုင်ကယ်တွေဖြင့် မတ်လ ၂၉ ရက်နေ့က မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ မဲဆွယ်နေစဉ်
Photo: Kyaw Lwin Oo/ RFA

လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက မွန်ပြည်နယ် ချောင်းဆုံမြိုနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီတို့က ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ နှစ်ရက်အလို ဒီနေ့မှာ အပြိုင်မဲဆွယ်စည်းရုံးနေကြ ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်အင်အား ၃၀၀ ခန့်ဟာ ဆိုင်ကယ်တွေ မော်တော်ကားတွေနဲ့ ချောင်းဆုံ မြို့နယ်တစ်ပတ် လှည့်လည်မဲဆွယ်ခဲ့သလို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း မဲဆွယ်စည်းရုံးတာတွေ ဒီနေ့ ပြုလုပ်ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ချောင်းဆုံမြိုနယ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မွန်ပြည်နယ် ၁၀ မြို့နယ် က လွှတ်တော်ကိုယ်စားလှယ်တွေကလည်း မဲဆွယ်နေကြတာဖြစ်ပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း လူအင်အား ၃၀၀ လောက်နဲ့ တစ်အိမ်တစ်အိမ်ဆင်း မဲဆွယ်စည်းရုံး တာတွေ လက်ကမ်းစာစောင်ဝေတာတွေ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ချောင်းဆုံမြို့နယ်မှာ အမှတ် ၁ နယ်မြေလို့ခေါ်တဲ့ ချောင်းဆုံမြောက်ခြမ်းနဲ့ အမှတ် ၂ နယ်မြေ လို့ခေါ်တဲ့ ချောင်းဆုံတောင်ခြမ်းဆိုပြီးရှိပါတယ်။ အဲဒီ အမှတ် ၁နယ်မြေမှာ ကျေးရွာအုပ်စု ၁၈ အုပ်စုရှိပြီး မွန်တိုင်းရင်းသားတွေ နေထိုင်တာများသလို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ထောက်ခံသူများပါတယ်။ အမှတ် ၂နယ်မြေကတော့ ကျေးရွာအုပ်စု ၂၈ အုပ်စုရှိပြီး NLD ပါတီဝင်တွေ နေထိုင်တာများတယ်လို့ သိရပါတယ်။

ချောင်းဆုံမြို့နဲ့မော်လမြိုင်မြိုကို သွယ်တန်းဖောက်လုပ်ထားတဲ့ ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တာကြောင့် ဒီလအတွင်း မွန်တိုင်းရင်းသားတွေ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ဖွ့ံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတဲ့ ပါတီ ၅ခု က ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။