လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် မြန်မာပြည်တွင်းက မြို့အတော်များများမှာ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေကြောင်း၊ မြန်မာ့စွမ်းအင် အရင်းအမြစ်တွေကို အစိုးရက တရုတ်ပြည်ကို ရောင်းချနေတဲ့အတွက် ပြည်တွင်းမှာ စွမ်းအင်မလုံလောက်ရတာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြကြောင်း ဆင်ဝှာသတင်းက ဖော်ပြပါတယ်။
တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်လီကတော့ တရုတ်အစိုးရဟာ နှစ်ပြည်ထောင်က ပြည်သူတွေ အကျိုးအတွက် မိမိတို့ ကုမ္ပဏီတွေကို နှစ်ဦးနှစ်ဘက် အကျိုးရှိရေး အခြေခံမူကို ကိုင်စွဲပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ အမြဲတိုက်တွန်းနေကြောင်း၊ အခု စွမ်းအင်ကဏ္ဍ မှာလည်း ဒေသဆိုင်ရာ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ တရုတ်ကုမ္ပဏီတွေကြား ကန်ထရိုက် စာချုပ်တွေ ချုပ်ဆိုခဲ့ကြကြောင်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မလုံမလောက် ဖြစ်ရတာဟာ အဓိကအချက်အနေနဲ့ ဓာတ်အားလိုင်းတွေ မကောင်းလို့ ဖြစ်ကြောင်း၊ တရုတ်အစိုးရ အနေနဲ့ မြန်မာ့ဓာတ်အားလိုင်းတွေ အဆင့်မြှင့်ပေးရေးအတွက် မိမိတို့ ကုမ္ပဏီတွေကို မြန်မာအစိုးရနဲ့ ဆွေးနွေးစေလိုကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်လီက ပြောဆိုခဲ့ပါတယ်။