ကချင် ဒုက္ခသည်တွေကို တရုတ် ကူညီ


2016.05.12
sotlaw-620.jpg ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့က မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးနေတဲ့အိမ်တွေကို တွေ့ရစဉ်
Photo: MOI Facebook

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ဆော့လော်မြို့နယ်က လေပြင်းတိုက်ရေကြီးခဲ့တဲ့ဒဏ်ကို ခံခဲ့ရသူတွေအတွက် တရုတ်ကောင်စစ်ဝန်ချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ် အစိုးရအဖွဲ့ကနေတဆင့် ဒီကနေ့ ငွေကျပ်သိန်းနှစ်ရာကျော် လှူဒါန်းလိုက်ပါတယ်။

မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးက ကောင်စစ်ဝန်ချုပ် Mr. Wang Yu က လူသားချင်းစာနာတဲ့အနေနဲ့ ကူညီတာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည်က ပြောပါတယ်။

"တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံးက အလှူငွေသိန်း ၃ဝ၊ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်များအသင်းက အလှူငွေကျပ်သိန်း ၂ဝ၊ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ မြစ်ကြီးနား ဆက်ဆံရေးရုံးအနေနဲ့ အလှူငွေသိန်း ၂ဝ နဲ့ ယူနန်ပြည်နယ် ထိန်ချုံးမြို့ ဆက်ဆံရေးရုံးကလည် သိန်း ၂ဝ၊ တရုတ်နိုင်ငံ လျှပ်စစ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ငွေကျပ်သိန်း ၅ဝ နဲ့ မြစ်ကြီးနားမြို့မှာရှိတဲ့ တရုတ်ယူနန်ဘုံကျောင်းက သိန်း ၅ဝ ဒီနေ့တော့ ကျပ်သိန်း ၂၄ဝ လာရောက်လှူဒါန်းသွားပါတယ်"

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က တရုတ်မြန်မာနယ်စပ် ဆော့လော်မြို့နယ်အတွင်း လေပြင်းတိုက် မိုးကြီးလို့ လာကင်ချောင်း ရေကြီးပြီး လန်ဆယ်၊ လာကင်၊ နာပေဖုံ၊ တထုံကျင် စတဲ့ကျေးရွာ ၁၀ ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ ဒုက္ခရောက်နေရတာပါ။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဋ္ဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ဟာ အဲ့ဒီဒေသဘက်ကို မေလ ၆ ရက်နေ့က သွားရောက်ခဲ့သလို မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်ကလည်း တပ်မတော်ရဟတ်ယာဉ်တွေနဲ့ သွားရောက်ကူညီနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်မှာ မိုးရက်ဆက်ရွာသွန်းခဲ့တဲ့အတွက် ဧရာဝတီမြစ်ရေကြီးလို့ သီးနှံစိုက်ခင်းတွေ ထောင်နဲ့ချီပျက်စီးခဲ့သလို ဒေသတချို့မှာ အိမ်တွေပျက်စီးပြီး လူသေဆုံးမှုတွေရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။