တရုတ် မြန်မာ ပိုမို ပူးပေါင်းရေး ပေကျင်းမြို့မှာ ဆွေးနွေး


2015.09.04
theinsein-china-trip-620.jpg ကမ္ဘာ့ဖက်ဆစ်စနစ်ဆန့်ကျင်မှုအောင်မြင်သည့် နှစ်(၇ဝ)ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင့်တို့ကို စက်တင်ဘာလ ၄ ရက်နေ့က ပေကျင်းမြို့ရှိ တီယန်မန်ရင်ပြင် ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ရစဉ်
Photo: MOI Webportal Myanmar ( Facebook )

တရုတ်သမ္မတ ရှီကျင့်ဖျင့်က သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ကတွေ့ဆုံရာမှာ မြန်မာပြည်နဲ့ တရုတ်ပြည်အကြား ပူးတွဲစီမံကိန်းတွေကို တိုးချဲ့ဆောင်ရွက်လိုပါကြောင်း နဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်  နယ်စပ်ဒေသ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေး ဆိုင်ရာကဏ္ဍတွေကိုလည်း မြှင့်တင်လိုပါကြောင်း ပြောကြားလိုက် ပါတယ်။

ဒုတိယကမ္ဘာစစ်  ပြီးဆုံးခြင်း အနှစ် ၇ဝ မြောက်အခမ်းအနား တက်ရောက်ခဲ့တဲ့   မြန်မာသမ္မတ ဦးသိန်းစိန်ကို ပေဂျင်းမြို့မှာ မနေ့က လက်ခံတွေ့ဆုံစဉ် တရုတ် သမ္မတ က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာပြည်အနေနဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်မြင့်မားရေး အပါအဝင် လက်တွေ့အကျိုးရှိမယ့်လုပ်ငန်းတွေကို တရုတ်ပြည်နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ အာသီသ ရှိပါကြောင်း ပြန်ပြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်သမ္မတက မြန်မာပြည်နဲ့ တရုတ်ပြည်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ရင်းနှီးပေးဆပ်မှု ကြီးမားစွာနဲ့ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံတွေဖြစ်တယ်လို့ ဂုဏ်ပြုပြောကြားခဲ့ကြောင်းလည်း တရုတ် အစိုးရပိုင် ဆင်ဝှာ သတင်းမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။