အရည်အသွေးမမီတဲ့ ပစ္စည်းတွေကို တရုတ်-မြန်မာ ပူးပေါင်းအရေးယူမည်


2018.01.03
china-food-622 တရုတ်မြန်မာ နယ်စပ်အနီး ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံက စားသောက်ကုန်တွေကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က မီးရှို့ဖျက်ဆီးစဉ်
Photo: Kan Thar/RFA

ပြည်တွင်းဈေးကွက်ထဲမှာ ဝင်ရောက်နေတဲ့ တရုတ်နိုင်ငံထုတ်ပစ္စည်းတွေမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း အရည်အသွေးတွေနဲ့ မကိုက်ညီတာတွေကို တိုင်ကြားလာရင် နှစ်နိုင်ငံပူးပေါင်းအရေးယူသွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး က ဒီနေ့ ပြောပါတယ်။

အရည်အသွေးမပြည့်မီတဲ့ တရုတ်နိုင်ငံထုတ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး အထောက်အထားနဲ့ တိုင်ကြားလာတာတွေ ကို တရုတ်နိုင်ငံဘက်ကလည်း အဲဒီလုပ်ငန်းတွေအပေါ် အရေးယူမှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးဆွေတင့်ကြူး က ပြောပါတယ်။

"တရုတ်ပစ္စည်းတွေ မကောင်းဘူးဆိုတာက သူတို့ဆီမှာ ကျယ်ကျယ်ပြန့်ပြန့် ဂယက်ရိုက်သွားတယ်၊အဲတော့ သူတို့က သူတို့ပစ္စည်းတွေရဲ့ အရည်အသွေးကိုမြှင့်ဖို့ သူတို့တရုတ်နိုင်ငံရဲ့ပုံရိပ်ကိုမြှင့်ဖို့ ကြိုးစားလာတဲ့အထဲမှာ လုပ်ငန်းစဉ်တစ်ခုအနေနဲ့ တရုတ်ပစ္စည်း မကောင်းဘူးဆိုရင် ဒီပစ္စည်းဘယ်ကထုတ်တာလဲ။ သူတို့နိုင်ငံက ထုတ်တာဟုတ်သလား စိစစ်ပြီး ဟုတ်တယ်ဆို သူတို့က အရေးယူပေးမယ်ဆိုပြီးတော့ ဆရာတို့နဲ့ ညှိနှိုင်းတာပေါ့၊ တကယ်လို့ အဲဒါမျိုးတွေရှိလာရင် သူတို့ကိုအသိပေးပါ။ သူတို့ဆီက ထုတ်တဲ့ပစ္စည်းမှန်ရင် တကယ်လည်း အတုအပဖြစ်နေမယ် သို့မဟုတ် အရည်အသွေးမမီဘူးဆိုရင် သူတို့အရေးယူပေးပါ့မယ် ဆိုတာမျိုးပြောတာပါ"

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲက စားသုံးသူရေးရာအသင်းနဲ့ သဘောတူညီမှု ရရှိထားတာ ဖြစ်တယ်လို့ သိရပါတယ်။

တိုင်ကြားလိုတဲ့ ကုန်ပစ္စည်းဟာ တရုတ်နိုင်ငံကထုတ်တဲ့ ပစ္စည်းအစစ်အမှန်ဖြစ်ပြီး မူလကကြေညာထားတဲ့ အရည်အသွေးစံနှုန်းတွေနဲ့ အမှန်တကယ်ကိုက်ညီမှုမရှိဘူးဆိုရင် တရုတ်နိုင်ငံ စားသုံးသူရေးရာအသင်းက အဲဒီလုပ်ငန်းကို ပိတ်သိမ်းတာ အမည်ပျက်စာရင်းသွင်းတာမျိုး စတဲ့ အရေးယူမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။

အလားတူ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ ထုတ်ကုန်တွေမှာလည်း သတ်မှတ်ထားတဲ့ အရည်အသွေးမပြည့်မီခဲ့ရင် အရေးယူဆောင်ရွက်ပေးဖို့ တရုတ်နိုင်ငံဘက်က တောင်းဆိုထားတာကိုလည်း နှစ်နိုင်ငံသဘောတူထားပါတယ်။

စားသုံးသူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေ စားသုံးသူ အကျိုးစီးပွားနစ်နာမှုတွေ ကြုံတွေ့လာရင် တိုင်ကြားနိုင်ဖို့ စားသုံးသူ သတင်းပြန်ကြားရေးနဲ့ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာတွေကို စားသုံးသူရေးရာဦးစီးဌာန အနေနဲ့ တိုင်းနဲ့ပြည်နယ်တွေအပြင် ခရိုင်တွေမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် မတ်လကနေ ဒီဇင်ဘာလထိ စားသုံးသူ သတင်းပြန်ကြားရေးနဲ့ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာတွေကို တိုင်ကြားလာတဲ့ အမှုပေါင်း  ၆၈ မှုရှိခဲ့ပြီး တိုင်ကြားလာတဲ့အမှုတွေမှာ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားလာတာတွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။