တရုတ်နိုင်ငံသားတွေ သစ်ထုတ်လုပ်ဖို့ အင်အားရာနဲ့ချီ ရောက်ရှိ

တရုတ်လူမျိုးအလုပ်သမား ၃ဝဝ လောက် ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်အတွင်းမှာ တရားမဝင်သစ်ခိုးထုတ်ဖို့ ရောက်ရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

2012.12.30
timber_truck_305px.jpg မြန်မာနိုင်ငံမြောက်ပိုင်းမှ သစ်လုံးများကို တရုတ်နိုင်ငံကို ပို့ဆောင်သည့် သစ်တင်ကားကြီးများပုံ
Photo: AFP

ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်အတွင်းမှာ သစ်ထုတ်လုပ်ဖို့ စက်ကြီးတွေနဲ့ ရောက်ရှိနေတာကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ဆင်ဘိုမြို့ခံတစ်ယောက်က RFA ကို ပြောပြပါတယ်။

“ဖိုက်စတားကုမ္ပဏီလို့ နာမည်ခံထားတဲ့ တရားမဝင်သစ်လုပ်ငန်းနဲ့ ဗမာစကားတောင်မတတ်တဲ့ တရုတ်တွေနဲ့ အင်အား ၃၀၀ လောက် ဆင်ဘိုရဲ့တောင်ဘက် မန်ကင်းရွာဘက်မှာ စပြီးလှုပ်ရှားနေတာ အဲဒီ ၃၀၀လောက်က ပြောမယ်ဆို ဗမာအစိုးရကလဲ အဲဒီကိုရောက်ရောက်ပေါက်ပေါက် မသွားနိုင်ဘူးလေ ကေအိုင်အေ အခြေချထားတဲ့နေရာဆိုတော့ ဆင်ဘိုမြို့တောင်ဘက် မန်ကင်းတောတလျှောက်ပေါ့ ကောက်ကွေ့ဂွင်ဘက်က လာမဲ့တောတွေရော ဆင်ဘိုမြို့နယ်ခွဲအတွင်းက သစ်ပါပဲ၊ နာမည်ကတော့ သစ်ကြမ်းပေါ့ ဒါပေမဲ့ ကျွန်းသစ်တွေရော ဘာတွေရောထုတ်မှာပေါ့ မြေတူးစက်ကြီးတွေနဲ့ရောက်နေတာ ၅ စီးလောက်ရှိပြီ”

ဒီကိစ္စနဲ့ပတ်သက်လို့ အဲဒီဖိုက်စတားကုမ္ပဏီကို ဆက်သွယ်ဖို့ကြိုးစားပေမဲ့ အဆက်အသွယ်မရရှိခဲ့ပါဘူး။ အဲဒီကုမ္ပဏီဟာ အခုအခါ သစ်တွေအလွယ်တကူသယ်ထုတ်နိုင်ဖို့ လမ်းတွေဖေါက်နေသလို တချို့က တောတွေထဲမှာ သစ်တွေခုတ်နေတယ်လို့လဲ သိရပါတယ်။ ဒေသခံတွေက ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေထံ စုံစမ်းတဲ့အခါ လုပ်ပိုင်ခွင့်ပေးထားတာမရှိဘူးလို့ အဆိုပါဒေသခံကပဲ ပြောပါတယ်။

“အခုက ကျနော်စုံစမ်းသိရှိရသလောက် တရားဝင်လွှတ်လာတဲ့ ကုမ္ပဏီမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကချင်ပြည်နယ် အစိုးရကိုလှမ်းမေးကြည့်တဲ့အခါ သူတို့က အခုအချိန်မှာ နိုင်ငံရေးတည်ငြိမ်မှု မရှိတဲ့အချိန်မှာ ကချင်ပြည်နယ် တပြည်နယ်လုံး ဘယ်ဒေသမှ ဘာလုပ်ငန်းနဲ့မှ လုပ်ခွင့်မပေးထားဘူးဆိုတဲ့အကြောင်းကို အဲလို ကျနော့ကိုပြောခဲ့တော့ ဒါဟာ တရားမဝင်ဘူးဆိုတာကို ကျနော်သိရတယ်၊ အခုသူတို့ကို စုံစမ်းတဲ့အခါကျတော့လဲ ဒါဟာ တရားမဝင်ဘူးဆိုတာ သူတို့ကိုယ်တိုင်လဲပြောတယ်၊ ဒါမျိုးလုပ်တဲ့အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မယ် ပြီးရင် တရုတ်တွေရဲ့ လူ့အခွင့်အရေးအနိုင်ကျင့်မှုတွေ လူကုန်ကူးမှုတွေ ဒီဟာ မြစ်ဖျားခံတာ အဲဒါတွေလဲပါမယ်လေ”

အဲဒီ ဆင်ဘိုမြို့နယ်တဝိုက်မှာ ကျွန်း၊ ခလောင် စတဲ့ သစ်မာအမျိုးအစားတွေရှိတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် မံစီမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ်အစပ်က ထွက်တဲ့သစ်တွေလဲ  အခုအခါ တရုတ်ပြည်ဘက်ကို ကားတွေနဲ့သယ်နေကြပြီလို့လဲ ဗန်းမော်က ကားသမားတွေက ပြောပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။