မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲခံထားရတဲ့ သတင်းသမား ၃ ဦး အပါအဝင် ၆ ဦးကို သီပေါမြို့နယ်တရားရုံးက အာမခံပယ်ချလိုက်ပါတယ်။
ဒီကနေ့ သြဂုတ်လ၄ရက်နေ့ ရုံးချိန်းဟာ ၄ ကြိမ်မြောက်ရုံးချိန်းဖြစ်ပြီး တရားလိုကို စစ်ဆေးခဲ့ပါတယ်။
DVB နဲ့ ဧရာဝတီသတင်းဌာနက သတင်းသမား ၃ ဦး အပါအဝင် ၆ ဦးကို အာမခံပေးဖို့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ ရုံးချိန်းမှာ သတင်းသမားတွေဘက်က ရှေ့နေတွေက လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ဒီဗွီဘီသတင်းဌာနက ဦးအေးနိုင်နဲ့ ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းဌာနက ကိုလဝီ ခေါ် ကိုသိန်းဇော်၊ သူတို့နဲ့အတူ ကားတစီးတည်းအတူပါလာတဲ့ စိုင်းအောင်ခမ်း၊ စိုင်းသန်းညွန့်၊ ဦးထွန်းအေး တို့ကို ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံထားရတာပါ။ စိုင်းအောင်ခမ်း၊ စိုင်းသန်းညွန့်နဲ့ ဦးထွန်းအေး တို့ကားဟာ လိုင်စင်မဲ့ကားဖြစ်နေတဲ့ အတွက် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ပါ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လအတွင်းက သတင်းသမား ၃ ဦးဟာ တအာင်းပလောင်လွတ်မြောက်ရေးအဖွဲ့က ပြုလုပ်တဲ့ မူးယစ်ဆေးဝါး မီးရှို့ပွဲကိုသွားပြီး ပြန်အလာမှာ တပ်မတော်စစ်ကြောင်းတခုက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
အာမခံရဖို့အတွက် ဆက်လက်လျောက်ထားဖို့ကိုတော့ အမှုရုပ်လုံးပေါ်လာဖို့အထိ စောင့်ရမှာဖြစ်ပြီး အာမခံရဖို့အတွက် ကျောက်မဲခရိုင်တရားရုံးအထိ အယူခံတက် မတက် ဆိုတာကိုတော့ ရှေ့နေတွေအချင်းချင်း တိုင်ပင်ရဦးမှာ ဖြစ်တယ်လို့ DVB သတင်းဌာနက ကိုအေးနိုင်ရဲ့ ရှေ့နေ ဦးမောင်မောင်ဝင်း ကပြောပါတယ်။