ကိုထင်ကျော်ကို ထောင်ဒဏ် ၃ လ ချမှတ်


2014.07.09
kohtinkyaw-jul9-305 ရန်ကုန်မြို့ ဗဟန်းမြို့နယ်တရားရုံးရှေ့မှာ ဇူလိုင်လ ၉ ရက်နေ့ က ကိုထင်ကျော်ကို တွေ့ရစဉ်
Photo:Kyaw Zaw Win/ RFA

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖဲ့ွ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို ဗဟန်းမြို့နယ် တရားရုံးက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဒီနေ့ ထောင်ဒဏ် ၃လ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ကိုထင်ကျော်နဲ့အဖွဲ့ဟာ မရမ်းကုန်း မြို့နယ်က မြေသိမ်းခံရမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်အိမ်ရှေ့မှာ အကူအညီသွားရောက်တောင်း ခံခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ဆက်နွယ်ပြီး ဗဟန်းမြို့နယ် တရားရုံးက ပုဒ်မ ၁၈နဲ့ ကိုထင်ကျော်ကို တရားစွဲခဲ့ တာဖြစ်ပါတယ်။

ဒီနေ့ ဗဟန်းမြို့နယ်တရားရုံးမှာ ကိုထင်ကျော်က အခုလိုပြောပါတယ်။

"မရမ်းကုန်း ၆ ရပ်ကွက် အိမ်ခြေ ၂၉၃ လုံးက နေရမယ့် စားရမယ့်ဘဝတွေနဲ့ အင်မတန်မှ ဒုက္ခရောက်နေတယ် အဲတော့ကျနော်တို့က လက်ရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ တရားစီရင်ရေးနဲ့ တည်ငြိမ်းအေးချမ်းရေးကော်မတီ ဥက္ကဌ ဖြစ်တဲ့အတွက် လွှတ်တော်က တရားဝင်ခန့်ထားတဲ့ ဥက္ကဌဆီမှာ တရားဝင် သွားအကူအညီတောင်း ခံခြင်းဖြစ်ပါတယ်၊ အဲလိုအကူအညီတောင်းခံတဲ့ကိစ္စကို ငြိမ်းစုစည်းပုဒ်မ ၁၈ နဲ့ ကျနော့်ကို ဒီနေ့အမိန့်ချခြင်းဖြစ် တယ်၊ ကျနော်တို့သွားပြီး ဆန္ဒပြတာမဟုတ်ဘူး၊ လူထုခေါင်းဆောင်ဆီမှာ အကူအညီသွားတောင်းခံတာ၊ သို့သော် တည်ဆဲဥပဒေတွေက ဘယ်လိုပဲဖွင့်ဆိုထား ဒီနေ့တရားစီရင်ရေးဟာ အစိုးရရဲ့ လက်အောက်ခံဖြစ်နေတဲ့အတွက် ဒါသူတို့လုပ်သလို ကျနော်တို့ပြည်သူတွေ ခံရတာပါ"

ကိုထင်ကျော်ဟာ လှည်းကူးမြို့နယ်က သမီးကလေးကျေးရွာ ဖျက်ဆီးခံရတဲ့အပေါ် ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၈နဲ့ ကျောက်တံတားမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ ဇွန်လ ၄ရက်နေ့က ထောင်ဒဏ် ၃ လ ချမှတ်ခံထား ရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တဲ့အတွက်  မြို့နယ် ၁၁ မြို့နယ်က ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုထားပြီး အဲဒီအထဲက တောင်ဥက္ကလာပ မြို့နယ် တရားရုံးက ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ထောင်ဒဏ် ၆လချမှတ်ခဲ့ပါတယ်။

MDCF အဖွဲ့ဝင် ကိုတင်မောင်ကြည်နဲ့ ဦးဇော်ဝင်းတို့ကိုလည်း ပုဒ်မ ၅၀၅ (ခ) နဲ့  ဒီနေ့ တာမွေမြို့နယ်တရားရုံး က ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။