ဒုက္ခသည်တွေကို ဆက်လက်ထောက်ပံ့ပေးဖို့ CSSU တောင်းဆို


2017.09.24
shan-refugees-622.jpg ရှမ်းပြည်နယ်ကနေထွက်ပြေးလာတဲ့ ဒုက္ခသည်အချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၆ ခုက ရှမ်းဒုက္ခသည် ၆၀၀၀ ကျော်ကို လုံခြုံစိတ်ချရတဲ့ အချိန်ရောက်ပြီး နေရပ်ရင်းဒေသကိုပြန်နိုင်တဲ့ အခြေအနေရောက်တဲ့အထိ နိုင်ငံတကာအလှူရှင်တွေအနေနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ဆက်လက်ထောက်ပံ့ပေးဖို့  ရှမ်းပြည်ညီညွတ်ရေးကော် မတီ CSSU အဖွဲ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အခုလ အောက်တိုဘာလကုန်ကစပြီး နိုင်ငံတကာအလှူရှင်တွေက အခြေခံရိက္ခာ ကူညီထောက်ပံ့မှုတွေ ရပ်တန့်တော့မှာ ဖြစ်တဲ့အတွက် အခုလို တိုက်တွန်းတောင်းဆိုရတာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က RFA ကို ပြောပါတယ်။

"အဓိက ကတော့ လူသားချင်း စာနာထောက်ထားမှုအရ ဆက်လက်ပြီးတော့မှ အကူအညီ ပေးစေချင်တယ်။ သူတို့တွေက ဒုက္ခသည်မဟာမင်းကြီးရုံးရဲ့ သတ်မှတ်ချက်အရ ဒုက္ခသည် ဆိုတဲ့ စာရင်းလည်း မဝင်ဘူး၊ သူတို့ရဲ့ မူရင်း ဌာနေကို ပြန်ဖို့ဆိုတာလည်းပဲ အရပ်ရပ်သော အခြေအနေကြောင့် ပြန်လို့မရဘူးပေါ့နော်၊ မှတ်ပုံတင်မရှိတော့တာနဲ့ အိမ်ထောင်စုဇယား မရှိတော့တာနဲ့ နောက်သူတို့ရဲ့ မူရင်းနေရပ်ကလည်းပဲ လုပ်ကိုင် စားသောက်ဖို့အတွက် လယ်ယာမြေတွေကအစ မရှိတော့ဘူး။ နောက်သူတို့ ရွာတွေလည်း ပျက်စီးကုန်ပြီး လောလောဆယ် ချက်ချင်း လက်ငင်းကြီး ဖြတ်တောက်ပြစ်လိုက်မယ်ဆိုလို့ရှိရင် သက်ကြီး ရွယ်အိုနဲ့ ဒီကလေးတွေအတွက် ပိုပြီးတော့မှ ဒုက္ခရောက်စေမယ်။ ဒါကြောင့်မိုလို့ အချိန်တစ်ခု ယူပြီးတော့ မှ ခြောက်လတန်သည် တစ်နှစ်တန်သည် အဲ့လို အချိန်ပေးပြီးတော့မှ ကူညီထောက်ပံ့ရေးလမ်းကြောင်းကို ဆက်လက်ရှင်သန်ထားပြီးတော့မှ နောက်မှ တဖြည်းဖြည်း ဖြတ်သွားမယ်ဆိုလို့ရှိရင်တော့ သူတို့အတွက် ပိုပြီး အဆင်ပြေလိမ့်မယ်ပေါ့နော်။ အဲ့ဒါကြောင့်မိုလို့ ကျနော်တို့က လောလောဆယ် ဖြတ်တောက်မှုမပြုပဲနဲ့ ဆက်တိုက် အကူအညီပေးသွားဖို့ကို တောင်းဆိုရတာ ဖြစ်ပါတယ်"

ရှမ်းပြည်နယ်နဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာရှိတဲ့ ကောင်းမုန်မုန်း ၊ လွိုင်တိုင်းလျန်း ၊ လွိုင်လမ် ၊ ကုန်းကျော် ၊ လွိုင်ဆမ်ဆစ် ၊ လွိုင်ကော်ဝမ်း စတဲ့ ဒုက္ခသည်စခန်း ၆ ခု က ဒုက္ခသည်တွေကို နိုင်ငံတကာ အလှူရှင်တွေက ကူညီထောက်ပံ့မှုတွေ ရပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

လောလောဆယ် ရှမ်းဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အကူအညီပေးဖို့ လာရောက်ကမ်းလှမ်းတဲ့ အဖွဲ့အစည်းတွေ မရှိသေးသလို နေရပ်ပြန်ဖို့လည်း ကြိုတင်ပြင်ဆင်ထားမှုမရှိတဲ့အတွက် အခက်ကြုံနေကြရတယ် လို့ ကုန်ကျော်ဒုက္ခသည်စခန်း ဥက္ကဌ ဦးစိုင်းလင်း က ပြောပါတယ်။

ရှမ်းဒုက္ခသည်အများစုဟာ ၁၉၉၆ ခုနှစ်ကစပြီး အစုလိုက်အပြုံလိုက် ပြောင်းရွှေ့မှုတွေ အပါအဝင် တပ်မတော် ၊ UWSA "ဝ" တပ်ဖွဲ့ နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွား ပြီးနောက် ထိုင်းမြန်မာ နယ်စပ်ကို ရောက်ရှိလာကြတာဖြစ်ပြီး ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ CSSU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၉၉၉  ခုနှစ်မှာ နိုင်ငံတကာအလှူရှင်တွေက အခြေခံရိက္ခာထောက်ပံ့ကူညီမှုတွေ ပေးခဲ့ရာကနေ ဒီနှစ် အောက်တိုဘာလကုန်မှာ ကူညီထောက်ပံ့မှုတွေကို လုံး၀ ရပ်တန့်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။