မြန်မာ့ဒီမိုကရေစီအရေး အားပေးဖို့ အိန္ဒိယပြည်သူတွေကို ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

မြန်မာနိုင်ငံဟာ ဒီမိုကရေစီပန်းတိုင်ရောက်အောင် ကြိုးစားနေဆဲဖြစ်တာကြောင့် မြန်မာပြည်သူတွေနဲ့ အတူ အားပေးရပ်တည်ပေးသွားဖို့အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာလ ၁၄ ရက် မနေ့ညနေပိုင်းက ကျင်းပတဲ့ နေရူးအထိမ်းအမှတ် ဟောပြောပွဲမှာ အိန္ဒိယပြည်သူတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

2012.11.15
assk-india-305 နိုဝင်ဘာလ ၁၃ ရက်နေ့က နယူးဒေလီမြို့ အင်ဒီရာဂန္ဒီလေဆိပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရပုံ
Photo: AFP

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုရာမှာ အိန္ဒိယဟာ မြန်မာ့ဒီမိုကရေစီရေးအပေါ် အားတက်သရောထောက်ခံခဲ့ရာက ၁၉၉၀ ခုနှစ်တွေ အတွင်း လမ်းကြောင်းပြောင်းသွားတာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရသလဲမေးကြပါတယ်။

ကျမတို့ တကယ့် အကျဉ်းအကြပ်တွေ့နေရချိန်မှာ အိန္ဒိယကခွာသွားခဲ့တဲ့အပေါ် ကျမအနေနဲ့ အလွန်ပဲ စိတ်ထိခိုက်မိပါတယ်။ ဒါပေမဲ့ ဝမ်းနည်းမှု ဆိုတာ ကျမတ့ို လက်ခံသိမ်းပိုက်ထားရမယ့်အရာ မဟုတ်ပါဘူးလို့ နေရူး အကြောင်းပြောဆိုရင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီဟောပြောပွဲကို အိန္ဒိယ ဒုတိယသမ္မတ Mohammad Hamid Ansari (မိုဟာမတ် ဟာမစ် အန်စာရီ)၊ အာဏာရ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီ၊ အတွင်းရေးမှူး ရာဟူးလ်ဂန္ဒီ အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ နေရူးအထိမ်းအမှတ် ကျင်းပရေးအဖွဲ့ဝင်တွေ၊ အိန္ဒိယနိုင်ငံရေးသမားတွေ၊ မြန်မာနိုင်ငံသားတွေ အပါအဝင် ပရိသတ် ၁၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီပွဲကို တက်ရောက်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာတင့်ဆွေကလည်း အခု ဟောပြောပွဲကနေ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိတဲ့ အလားအလာတွေကို ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဟောပြောပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပြီး ၁၉၉၀ ခုနှစ်က အိန္ဒိယနိုင်ငံမှာ ထုတ်ဝေခဲ့တဲ့ ကိုလိုနီလက်အောက် မြန်မာနဲ့ အိန္ဒိယ ပညာတတ်တွေရဲ့ဘဝမျက်နှာစာတချို့  ဆိုတဲ့ စာအုပ်ကို အိန္ဒိယ ဒုတိယသမ္မတ က လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အိန္ဒိယ ဒုတိယသမ္မတ နဲ့ တွေ့ဆုံဦးမှာဖြစ်ပြီး အိန္ဒိယလွှတ်တော်မှာ အောက်လွှတ်တော် ဥက္ကဋ္ဌ နဲ့ လည်း တွေ့ဆုံဦးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။