ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကြား အခက်ကြုံနေ


2016.02.12
dassk-minaunghlaing-622.jpg တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံကြစဉ်
Photo: RFA

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူး တာဝန်ယူခွင့်ပြုရေးအတွက် မြန်မာ့တပ်မတော် ခေါင်းဆောင်တွေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား အာဏာခွဲဝေရေး ဆွေးနွေးပွဲတွေပြုလုပ်နေရာမှာ အခက်အခဲတချို့ ကြုံတွေ့နေရတယ်လို့ သတင်းရပါတယ်။

တပ်မတော်ဘက်က ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရာထူးတွေကို သူတို့စိတ်ကြိုက်ခန့်ဖို့ တောင်းဆိုနေကြောင်း မနေ့ကနေ့စွဲနဲ့ နေပြည်တော်ကလာတဲ့ ရိုက်တာသတင်းမှာ ပါရှိပါတယ်။

ဒါ့အပြင် သူရ ဦးရွှေမန်းကို ပြီးခဲ့တဲ့ အပတ်က ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင် ဥက္ကဌအဖြစ် ခန့်အပ်လိုက်တဲ့ကိစ္စကိုလည်း လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှာ ပါဝင်ခဲ့သူအားလုံးဟာ စိုးရိမ်ထိတ်လန့်နေဟန်ရှိတယ်လို့  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွတ်တော်ကိုယ်စား လှယ်ဟောင်း  တစ်ဦးကပြောဆိုကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။

အာဏာကြီးမားတဲ့ အဲ့ဒီကော်မရှင်အနေနဲ့ အစိုးရဟောင်း ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ပြန်လည်ဆန်းစစ်နိုင်သလို ဥပဒေတွေကို ပြင်ဆင်နိုင်ပါတယ်။  ဦးရွှေမန်းနဲ့အတူ အဲ့ဒီကော်မရှင်မှာ ပါဝင်သူတွေဟာ ဦးသိန်းစိန်အစိုးရမှာ ပါဝင်ခဲ့သူတွေရဲ့နောက်ကြောင်း အတွင်းသိတွေဖြစ်တဲ့အတွက် အစိုးရအဖွဲ့ဝင်ဟောင်းတွေဟာ သူတို့ကို အစိုးရသစ် အရေးယူခံရမယ့်ဘေးက အကာအကွယ်ပေးဖို့ စစ်တပ်ကို အားကိုးနေကြတယ်လို့ ဆိုပါတယ်။

ဥပဒေအရ သမ္မတဟောင်းကိုသာ အကာအကွယ်ပေးထားပြီး ဝန်ကြီးဟောင်းတွေကတော့ အကာအကွယ်မဲ့နေ တယ်လို့လည်း ဦးရွှေမန်းခေါင်းဆောင်တဲ့ အဲ့ဒီအဖွဲ့မှာပါဝင်သူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်ဟောင်း တစ်ဦးက ပြောပါတယ်။

ဒါပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလက တွေ့ဆုံရာ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အတိတ်ကအဖြစ်တွေကို NLD အနေနဲ့ နောက်ကြောင်းလှန်နေမှာ မဟုတ်ကြောင်း ကတိပြုခဲ့ပြီး အပြန်အလှန်အားဖြင့် ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း တရုတ်အစိုးရကလည်း မဟာဗျူဟာအရ အရေးပါတဲ့ မြန်မာပြည်က သူတို့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် NLD အစိုးရသစ်ဆောင်ရွက်မယ့် အစီအစဉ်တွေကို  အထူးစိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရ ကိုယ်စားလှယ်တွေနဲ့ တရုတ်စီးပွားရေးသမားတွေဟာ သူတို့ထံကိုလာပြီး သမ္မတသစ်အကြောင်းနဲ့ စီးပွားရေးစာချုပ်တွေအကြောင်း တချိန်လုံးလိုလို မေးမြန်းနေကြတယ်လို့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကပြောဆိုကြောင်းလည်း Reuters  သတင်းမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။