ဒေါ်အောင်ဆန်းစုကြည်က ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်ပြု


2016.03.23
aapp-16-anniversry-620.jpg နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တည်ထောင်တဲ့ ၁၆ နှစ်ပြည့် အခမ်းအနားကို မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပစဉ်
Photo: Htet Arker/ RFA

ကျဆုံးသွားကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အမြင့်ဆုံး စွန့်လွှတ်ကြသူတွေ ဖြစ်ကြောင်းနဲ့ သူတို့မယုံကြည်တဲ့ အရာတွေကို အသက်စွန့်ပြီး အနစ်နာခံတဲ့ သူရဲကောင်းတွေဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်ပြုလိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တည်ထောင်တဲ့ ၁၆ နှစ်ပြည့်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်ပြုတဲ့ပွဲကို ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီသဝဏ်လွှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒေါ်တိုးတိုးလွင်က ဖတ်ကြားခဲ့ပါတယ်။

"သူရဲကောင်း အာဇာနည်တွေဟာ ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်အတွက်၊ အမျိုးဘာသာ၊ သာသနာအတွက်၊ စွန့်လွှတ် စွန့်စားခဲ့ကြပါတယ်၊ ပေးဆပ်အနစ်နာခံခဲ့ကြပါတယ်၊ အဲ့ထဲမှာ အသက်စွန့်ခဲ့သူများဟာ အမြင့်ဆုံးပေးဆပ်ခဲ့ကြတဲ့ သူတွေ၊ အဆုံးစွန်ဆုံးပေး ဆပ်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်၊  အသက်စွန့်ခဲ့တဲ့ သူရဲကောင်းတွေ၊ အာဇာနည်တွေ ဆိုတာ သူတို့ယုံကြည်ချက်အတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ကြ၊ လှုပ်ရှားခဲ့ကြတဲ့သူတွေပါ၊ တနည်းအားဖြင့် သူတို့ မယုံကြည်တဲ့ အရာကိုလက်ခံဖို့ အသက်စွန့်ပြီး ငြင်းပယ်ခဲ့ကြတဲ့ သူတွေပါ"

လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၉၀ လောက် ရှိနေပြီး တရားရင်ဆိုင်နေရသူ ၄၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP အတွင်းရေးမှူး ဦးတိတ်နိုင် က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဒီကနေ့ နိုင်ငံရေးအခြေအနေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အောင်ပွဲဖြစ်တယ် လို့ ပြောပါတယ်။

ဒီကနေ့ အခမ်းအနားကို နိုင်ငံတကာ သံတမန်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေနဲ့ ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီပွဲမှာ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့မိသားစုတွေကို ဂုဏ်ပြုလွှာနဲ့ ထောက်ပံ့ငွေတွေ ပေး အပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။