ဒေါ်အောင်ဆန်းစုကြည် မောင်တောဒေသကို သွားရောက်

2017.11.02
dassk-sittwe-622 မောင်တောဒေသကို သွားရောက်ဖို့အတွက် စစ်တွေလေဆိပ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီဒေသကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့သွားရောက်ခဲ့ပါတယ်။

မောင်တောမြို့နယ် ခုံတိုင်မြိုတိုင်းရင်းသားကျေးရွာမှာ ဒေသခံမြိုတိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ခုံတိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှ က ပြောပါတယ်။

"ကျနော်တို့ကို မေးတာက ကျေးရွာ အခုပြန်လည်ထူထောင်ရတဲ့နေရာမှာ လုပ်ငန်းတွေစနေပြီလား၊ အဲဒါပဲမေးတာ၊ ကျနော်တို့က ဟုတ်ကဲ့ အခု ကျနော်တို့ အတည်ပြုပြီးလည်းဖြစ်ပြီ၊ လုပ်ငန်းလည်းစနေပြီ အဲလိုပဲဖြေလိုက်တယ်"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရတဲ့ ခုံတိုင်မြိုတိုင်းရင်းသား ကျေးရွာအပြင် ပန်းတောပြင် မွတ်စလင်ကျေးရွာမှာ မွတ်စလင်တွေနဲ့တွေ့ဆုံခဲ့သလို တောင်ပြိုလက်ဝဲမြို့နယ်က မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားကိုပါ သွာရောက်ခဲ့ပါတယ်။

ဒီနေ့ မနက် ၈ နာရီလောက်မှာ စစ်တွေလေဆိပ်ကို ရောက်ရှိလာချိန်မှာတော့ ဘူးသီးတောင်၊ မောင်တောဒေသမှာ အစိုးရရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းတွေမှာ အကူအညီတွေပေးကြမယ့် စေတနာ့ဝန်ထမ်း လူငယ်တချို့နဲ့ စစ်တွေလေဆိပ်မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

လူငယ်တွေအနေနဲ့ ဒေသငြိမ်းချမ်းရေးအတွက်ပါ အားပေးကူညီမှုတွေလုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ခဲ့တယ်လို့ ဒီမနက်က တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာလူငယ်အဖွဲ့ HCYT က ကိုထက်ပိုင်စိုးက ပြောပါတယ်။

"ဘယ်လိုမျိုး စနစ်တကျဆောင်ရွက်မလဲ၊ ပိုပြီးထိရောက်တာပေါ့၊ ရောက်တော့ရောလာတယ် လာလုပ်တယ်၊ ဒါပေမဲ့ မထိရောက်ဘူးဆိုတာ မဖြစ်အောင်လို့ ထိရောက်တဲ့ပုံစံ ဘယ်လိုလုပ်မလဲ၊ ဘယ်လိုစနစ်ကျအောင် လုပ်မလဲ၊ ပစ္စည်းတွေ ဘယ်လိုဖြန့်ဝေမလဲ၊ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျနော်တို့ကို ပြောပါတယ်၊ ကျနော်တို့လူငယ်တွေ ဒီနေ့ဆောင်ရွက်တာဟာ ဒီလုပ်ငန်းစဉ်မှာ ပါဝင်တာဟာ ကျနော်တို့က ပစ္စည်းတွေ ဒီလိုမျိုးဖြန့်ဝေပေးတဲ့ ကိစ္စတစ်ခုတည်းအတွက် မဟုတ်ဘူး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး တစ်ခုတည်းအတွက် မဟုတ်ဘူး၊ ဒီဒေသမှာ ဆက်လက်ပြီးတော့ ပဋိပက္ခတွေ မဖြစ်ပွားတော့အောင် ပြီးတော့ ဒီဒေသမှာ အမှန်တကယ်ငြိမ်းချမ်းရေးရရှိအောင်၊ ဖွံ့ဖြိုးရေးတွေအတွက် ကျနော်တို့ ဘယ်လိုတွေဆောင်ရွက်မလဲ၊ သူတို့ရင်ထဲမှာရှိနေတဲ့ အရင်တုန်းကဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့်ဖြစ်နေတဲ့ ဒဏ်ရာအနာတရတွေ ကျနော်တို့ ဘယ်လိုမျိုးအားပေးပြီးတော့ ဆောင်ရွက်သွားမလဲ၊ ဘယ်လိုမျိုး ကူညီပေးမလဲ၊ အဲဒာမျိုးတွေအထိ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်ပြီးစဉ်းစားပြီး လုပ်ဆောင်ဖို့ပေါ့နော်၊ တစ်ခုလုပ်တယ် ဒါပေမဲ့ လုပ်တဲ့အချိန်မှာ ကျနော်တို့ အခုနကလို အများကြီးအကျိုးရှိစေအောင်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျနော်တို့ကို လမ်းညွှန်ပါတယ်"

တစ်နိုင်ငံလုံးမှာရှိတဲ့ စေတနာ့ဝန်ထမ်း လူငယ်တွေကို လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ သင်တန်းပေးပြီး ဘူးသီးတောင်၊ မောင်တောဒေသမှာ လူငယ်တွေအတွက် ရက် ၂၀ စီမံကိန်းကို စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

တစ်ကြိမ်မှာ လူဦးရေ ၄၀ လောက်ပါဝင်မယ့် စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့ဟာ အစိုးရနဲ့ပူးပေါင်းပြီး ဘူးသီးတောင်၊ မောင်တောဒေသမှာ ဒေသခံတွေရဲ့လိုအပ်ချက်တာတွေကို စစ်တမ်းကောက်ယူတာ၊ မေးမြန်းတာ၊ ပစ္စည်းတွေဖြန့်ဝေတာ စတဲ့အကူအညီပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့တစ်ဖွဲ့စီဟာ ရက် ၂၀ အထိ ဆောင်ရွက်မှာဖြစ်ပြီး နောက်ထပ်လည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရက် ၂၀ စီ ဆက်တိုက်ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ခရီးစဉ်မှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ အလုပ်သမား/လူဝင်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တို့ပါ အတူလိုက်ပါလာခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။