အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ


2013.02.21
dassk_305.jpg ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧည့်သည်တော် INDIA အောက်လွှတ်တော် ဥက္ကဌ ဦးဆောင်တဲ့ လွှတ်တော်ကော်မတီတွေ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ပုံ
Photo: NLD facebook

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံက ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner ဟာ  နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့ကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် အဆောက်အအုံဝင်းအတွင်းက တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner ဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာခရီးစဉ်အဖြစ် မနေ့က ရောက်ရှိလာခဲ့တာပါ။

သူ့ရဲ့ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေက လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက လူ့ အခွင့်အရေး အခြေအနေတွေ အထူးသဖြင့် မြန်မာအစိုးရ ထုတ်ပြန်ကြေညာထားတဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ ဆောင်ရွက်နေမှုတွေ ၊ တိုင်းရင်းသားဒေသတွေက ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေက လူ့အခွင့်အရေး အခြေအနေတွေကို အဓိကထား လေ့လာဆွေးနွေးမယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက  ကနေဒါနိုင်ငံက ရောက်ရှိနေတဲ့  ပါလီမန်အမတ်များအဖွဲ့နဲ့လည်း တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ရုံးခန်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။