နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ UNFC ခေါင်းဆောင်တွေ မတ်လ ၁ ရက်နေ့ တွေ့မည်


2017.02.20
dassk-meet-unfc-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ညီညွတ်သော တိုင်ရင်းသားလူမျိူးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တို့ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ NRPC ရုံးမှာ တွေ့ဆုံခဲ့စဉ်
Photo: Aung Thain Kha/ RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေ လာမယ့် မတ်လ ၁ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ နှစ်ဖက်သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

အစိုးရဘက်က ဒီလ ၂၃ ရက်နေ့မှာ တွေ့ဆုံဖို့ကမ်းလှမ်းထားပေမယ့် UNFC ခေါင်းဆောင်တွေ ခရီးလွန်နေ တာကြောင့် မတ်လ ၁ ရက်နေ့ကို ပြောင်းလဲချိန်းဆို လိုက်တာ ဖြစ်တယ်လို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးထွန်းဇော် က ပြောပါတယ်။

" ကျနော်တို့ အဲ့အစီစဉ်နဲ့ ပတ်သက်လို့ မတ်လ ၁ ရက်နေ့ကို ပြန်ညှိထားပါတယ်။ ဒီဘက်က ကျနော်တို့ ခေါင်းဆောင်တွေ ခရီးလွန်နေကြပါတယ်။ တခြားအစီစဉ်တွေနဲ့ တိုက်နေကြတယ်ပေါ့လေနော်။ အဲ့ဒါကြောင့် ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ် အစီစဉ်ရယ်၊ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်လက်ညှိနှိုင်းမယ့် အစီစဉ်ရယ် ကတော့ မတ်လ ၁ ရက်နေ့ကို ပြန်လည်ညှိနှိုင်းထားတာရှိပါတယ်။ ဒါကိုလည်းပဲ အစိုးရဘက်က ဒီနေ့ပဲ လက်ခံတဲ့အကြောင်း အကြောင်းပြန်ထားတာရှိပါတယ်။ "

၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်နိုင်ရေးနဲ့ပတ်သက်ပြီး UNFC အဖွဲ့ဝင်တွေ တောင်းဆိုထားတဲ့ အချက် ၉ ချက်အပေါ် ငြိမ်းချမ်းရေးကော်မရှင် နဲ့ ဆွေးနွေးရာမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ညှိနှိုင်းဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးရာမှာ မူပိုင်းဆိုင်ရာကိစ္စတွေဖြစ်တဲ့ အပစ်ခတ်ရပ်စဲရေးကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုတွေမှာ အစိုးရ၊ တိုင်းရင်းသားနဲ့ တပ်မတော် တို့ သုံးပွင့်ဆိုင်ဆွေးနွေးနိုင်ရေးကိစ္စ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ကတိကဝတ်၊ အာမခံ ချက်ရရှိရေးတို့အပြင် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ် မှာ နိုင်ငံတကာပါဝင်မှုအခန်းကဏ္ဍတိုးမြှင့်ရေး စတာတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးရာမှာ ပြေလည်မှု မရရှိသေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

UNFC ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။