စင်္ကာပူကို အနှစ် ၂ဝ အ တွင်း ကျော်တက်မယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2016.12.01
dassk-singapore-pm-620.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း တို့ နိုဝင်ဘာလ ၃ဝ ရက်နေ့က တွေ့ဆုံကြစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စင်ကာပူ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မနေ့ က တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က"စင်ကာပူရဲ့ လွတ်လပ်ရေးခေတ်ဦးကာလမှာ အဲဒီအချိန်တုန်းက ဝန်ကြီးချုပ်ဖြစ်တဲ့ မစ္စတာ လီကွမ်ယုက နောင်အနှစ်နှစ်ဆယ်ကြာရင် စင်္ကာပူဟာ မြန်မာနိုင်ငံကို အမီ လိုက်နိုင်မယ်လို့ ပြောဆိုခဲ့ဘူးပါတယ်၊ ဒီကနေ့တော့ မိမိတို့က ပြန်ပြောင်းပြီး ပြောရတော့ မယ်။ နောင် နှစ်ပေါင်း နှစ်ဆယ်ကြာရင် မြန်မာနိုင်ငံက စင်္ကာပူကို ကျော်တက်သွားလိမ့်မယ်။ ဒေသ တွင်းက နိုင်ငံတစ်နိုင်ငံရဲ့ အောင်မြင်မှုဟာ ဒေသတခုလုံးရဲ့ အောင်မြင်မှု ဖြစ်တဲ့အတွက် အဲဒီလို မိမိတို့နိုင်ငံ အောင်မြင်အောင် စင်္ကာပူက ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။

စင်္ကာပူနိုင်ငံကို နိုဝင်္ဘာ ၃ဝ ရက်ကနေ ဒီဇင်္ဘာ ၂ ရက်နေ့အထိ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်နဲ့ ရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို စင်္ကာပူလို တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးရှိ တဲ့နိုင်ငံတခုဖြစ်အောင် ကြိုးပမ်းရမှာဖြစ်ကြောင်း၊ မတည်ငြိမ်တဲ့နိုင်ငံမှာ စီးပွားရေးရင်းနှီးမြုှပ်နှံမှုရှိမှာ မဟုတ်ကြောင်း၊ မြန်မာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ အလွန်အရေးကြီးကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်ပြဿနာတွေကို နိုင်ငံ တကာ ဝေဖန်ကန့်ကွက်မှုတွေပေါ်ထွက်နေပေမယ့် ဒီအကြောင်းတွေနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည် က တိုက်ရိုက်ထည့်သွင်း ပြောကြားခဲ့တာမရှိဘူးလို့ စင်္ကာပူကလာတဲ့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

မနေ့ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်္ကာပူဝန်ကြီးချုပ် လီ ရှန်လွန်း တို့ သမ္မတအိမ်တော်မှာ တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ လီရှန်လွန်းက သူ့ဖခင် စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည်တို့ ၁၉၆၅ ခုနှစ်ကတွေ့ဆုံစဉ် ရိုက်ကူးထားတဲ့ ဓါတ်ပုံကို အမှတ်တရ ပေးအပ်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနဲ့အတူ အင်ဒိုနီးရှားနိုင်ငံကိုပါ သွားရောက်ဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် လုံခြုံရေးအခြေအနေကြောင့် အင်ဒိုနီးရှား ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။