နိုင်ငံတော်အတိုင်ပင်ခံ လှူဒါန်းငွေနဲ့ မတ်လမှာ စစ်ဘေးဒုက္ခသည်တွေ ကို ထောက်ပံ့မှု စတင်မည်
2017.02.22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ပံ့တဲ့ ငွေကျပ် သိန်းသုံးထောင်ကို လာမယ့် မတ်လ ကစပြီး ကချင်ပြည်နယ်က စစ်ဘေးဒုက္ခ သည်တွေအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
လူမှုဝန်ထမ်းဦးစီးဋ္ဌာနက ကယ်ဆယ်ရေးစခန်းတွေကို ကွင်းဆင်းပြီး အချက်အလက်တွေ ကောက်ယူနေတယ်လို့ ကချင်ပြည်နယ် ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဦးစီးဋ္ဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်း က ပြောပါတယ်။
"လူမှုဝန်ထမ်းဦးစီးဋ္ဌာနက အချက်အလက်တွေ ကောက်ယူနေတယ်၊ အဲ့အပေါ်မှာ မူတည်ပြီးတော့ မတ်လကနေစပြီး ထောက်ပံ့မှုတွေဆက်ပေးမယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေပေးမယ်၊ ပြီးတော့ ငွေကြေးတွေထောက်ပံ့မယ်၊ အဲ့အစီအစဉ်လေးတွေရှိတယ်လို့ သိရပါတယ်"
လတ်တလောမှာလည်း ဗန်းမော်ဒေသဘက် ထပ်တိုးရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနက ရှေးဦးစီမံချက်အနေနဲ့ ကယ်ဆယ်ရေး စခန်း ၂၅ ခုမှာ အရင်းမပျောက်တဲ့ မတည်ငွေ အဖြစ် စစ်ဘေးဒုက္ခသည်တွေရေရှည် ရပ်တည်နိုင်မယ့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအတွက် ကူညီထောက်ပံ့နေတာတွေ ရှိပါတယ်။
စစ်ဘေးဒုက္ခသည်တွေရဲ့ ဆန္ဒကို အခြေခံပြီး ပယင်းကျောက်သွေးလုပ်ငန်း၊ ငွေစုငွေချေး နဲ့ ကုန်စုံဆိုင် စတဲ့ လုပ်ငန်းတွေအတွက် ကယ်ဆယ်ရေး စခန်းတစ်ခုကို ငွေကျပ် သိန်း ၅၀ ဒါမှမဟုတ် ၇၅ သိန်း စသဖြင့် ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန က ငွေကျပ်သိန်း ၃ ထောင် ကို ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဋ္ဌာန ရဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ကုန်အထိ စာရင်းတွေအရ အစိုးရအုပ်ချုပ်ရေးနယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း ၉၄ မှာ အိမ်ထောင်စု ၈ ထောင်ခန့် ရှိပြီး လူဦးရေ စုစုပေါင်း သုံးသောင်းရှစ်ထောင်ကျော်ရှိပါတယ်။