လူထုဆန္ဒကို အစိုးရ အလေး မထားဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား


2015.04.04
dassk-utheinsein-305.jpg နေပြည်တော်၊ သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကကျင်းပခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် ၄၈ ဦး တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာအစိုးရဟာ  ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ တွေ့ဆုံဆွေးနွေးရေးတွေကို စိတ်ဝင်စားခြင်း မရှိတဲ့ အပြင် လူထုရဲ့ဆန္ဒကိုလည်း အလေးအနက်ထားခြင်း မရှိဘူးလို့ မနေ့ကပြောကြားလိုက်ပါတယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်အနေနဲ့  ပြုပြင်ပြောင်း လဲရေးတွေဆောင်ရွက်မယ်လို့ ၂ဝ၁၁ ခုနှစ်တွေ့ဆုံစဉ်က သူမကို ပြောကြားခဲ့တဲ့အတိုင်း အမှန်တကယ် ရိုးရိုးသား သားနဲ့ ပြုပြင်လုပ်ဆောင်ခဲ့မယ်ဆိုရင် မြန်မာပြည်ဟာ အခုထက် အများကြီး ပိုမိုတိုးတက်နေမှာ ဖြစ်ပါတယ်လို့ လည်း  ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းဌာန ကို ပြောကြောင်း သိရပါတယ်။

တဆက်တည်းမှာပဲ အမေရိကန်နဲ့ အနောက်နိုင်ငံအစိုး ရတွေဟာ မြန်မာအစိုးရ အပေါ်သိပ်ပြီး အကောင်းမြင်နေကြောင်း ဝေဖန်ပြောကြားရင်း အမေရိ ကန် ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရ ကို ပြုပြင်ပြောင်းလဲရေးတွေ တိုးတက်လုပ်ဆောင်ဖို့ အားပေးတဲ့အနေနဲ့ ချီးမွမ်းဆက်ဆံနေတာကိုလည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီလိုအားပေးဆက်ဆံတဲ့အတွက် မြန်မာအစိုးရက ပြောင်းလဲရေးတွေကို ပိုမို လုပ်ဆောင်လာသလား ဒါမှ မဟုတ် မြန်မာအစိုးရအနေနဲ့ ငါတို့ ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ ဘာမှမလိုဘူးဆိုတဲ့အမြင်ကိုပဲ ပေါ်ပေါက်စေသလားဆိုတာ ကျမမေးချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုက မိမိတို့ကို စွန့်လွှတ်သွားပြီဆိုတဲ့ ခံစားမှုမျိုးတော့ မရှိပါဘူး။ မိမိတို့မှာ အမေရိကန် မိတ်ဆွေကောင်းတွေရှိပါတယ်လို့ သူက ပြောဆို ခဲ့ပါတယ်။

ဒ့ါအပြင် တပ်မတော်နဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့ အရေးကြီးကြောင်း၊ ပြည်သူနဲ့တပ်မတော် တသားတည်းရှိဖို့ လိုကြောင်းများကို ပြောကြားရင်း မြန်မာ ဗိုလ်ချုပ်ကြီးတွေက သူ့ကို ပါးပါးနပ်နပ် အနိုင်ယူနေတယ်ဆိုတဲ့ဝေဖန်ချက်တွေ ကို ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်ပါတယ်။ မိမိတို့ကိုင်စွဲတဲ့ မူဝါဒတွေ အတွက် မားမားမတ်မတ် ရပ်တည် တိုက်ပွဲဝင်ရတဲ့ ကာလရှိသလို အတိတ်က ဒဏ်ရာဟောင်း တွေကို တူးဆွမနေဘဲ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို မူအဖြစ် ချမှတ်ရတဲ့ ကာလမျိုးလည်း ရှိနိုင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။