တောင်းဆိုချက်အတည်ပြုမှ သပိတ်ရပ်မယ်လို့ ကျောင်း သားတွေပြောဆို


2015.02.13
students-march-305 ပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြတဲ့ ကျောင်းသားတွေ ရန်ကုန်မြို့ကို ချီတက်လာစဉ်
Photo: Hset Paing Toe/ RFA

သပိတ်မှောက်ကျောင်းသားတွေ ရန်ကုန်မဝင်နိုင်အောင် ဥပဒေအရဆောင်ရွက်မယ် လို့ အစိုးရက မနေ့ည က ကြေညာချက်ထုတ်လိုက်ပါတယ်။

ကျောင်းသားတွေအနေနဲ့ သူတို့ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို ဥပဒေအနေနဲ့ လွှတ်တော်က သဘောတူဆုံးဖြတ်ပြီး သမ္မတလက်မှတ်ထိုးအတည်ပြုပြီး မှယုံကြည် လက်ခံမှာဖြစ်တဲ့အတွက် သပိတ်မရပ်သေး တာဖြစ်သလို၊ ဒီလိုဆောင်ရွက်တာဟာ နိုင်ငံလုံးဆိုင် ရာကျောင်းသားထုအရေးပေါ် အစည်းအဝေးရဲ့ ဆုံးဖြတ် ချက်အတိုင်းသာ ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် က RFA ကို ပြောပါတယ်။

"သပိတ်မှောက်ကျောင်းသားတွေရဲ့မူလသဘော တူညီချက်က သမ္မလက်မှတ်ရေးထိုးပြီး လွှတ်တော် ကအတည်ပြုပြဌာန်းလိုက်တဲ့ဥပဒေထွက်လာမှသာ လျှင် သပိတ်လှန်မယ်ဆိုတဲ့ မူလသဘောတူညီချက်ရှိထားတဲ့အတွက်အဲ့ဘောင်ထဲကပဲ ကျနော်တို့လုပ်လို့ ရတယ်၊ ကျနော်တို့ဖက်ကလုပ်ပိုင်ခွင့် အကန့်အသတ်ကို ကျနော်တို့သေချာရှင်းပြ ခဲ့တယ်၊ အစိုးရဖက်က ၅/ ၂၀၁၅ ထုတ်တဲ့ ရည်ရွယ်ချက်က ရိုးသားမှုမရှိဘူး၊ ပြီးတော့ ကျနော်တို့ သဘောတူညီမထားတဲ့ အချက်တွေကို တနိုင်ငံလုံးကပြည်သူတွေ ထင်ရောင်ထင်မှားဖြစ်အောင် ဒီဟာကို ထုတ်ပြန်တာဖြစ်တယ်"

မန္တလေး-ရန်ကုန်ချီတက်နေတဲ့ ဗကသများအဖွဲ့ချုပ် ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းက ရန်ကုန်မြို့ကို ရောက်အောင် သွားမယ်လို့ မနေ့ကကြေညာချက်ထုတ်ပြီး တဲ့ နောက်မကြာခင်မှာပဲ အစိုးရဘက်က တားမြစ်မယ့်ကြေညာချက်ထွက် လာတာပါ။

ဒီနေ့မနက်မှာတော့ တောင်းဆိုချက် ၁၁ ချက်ကို ဥပဒေကြမ်းရေးဆွဲဖို့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲအဆက်အဖြစ် ရန်ကုန်မြို့ မှာပြုလုပ်မှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းက ဒီနေ့မနက်မှာ ပေါင်းတည်မြို့ကနေ  ကြို့ပင်ကောက်မြို့ကို ခရီးဆက်မယ်လို့သိရ ပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းမှာလဲ ဗကသများအဖွဲ့ချုပ်တောင်ငူခရိုင်၊ ပဲခူးခရိုင်ကျောင်းသားတွေ နဲ့ တကသ အဖွဲ့ကဦးဆောင်နေ တဲ့ ထားဝယ်၊ မော်လမြိုင်၊ ပခုက္ကူနဲ့ မြေလတ်ကျောင်းသားတွေက မနေ့ညက ပဲခူးမြို့ကိုရောက်ကြပြီး ပြည်သူလူထု ကလဲ မြို့လုံးကျွတ် နီးပါးကြိုဆိုခဲ့ကြပါတယ်။

တကသဦးဆောင်တဲ့သပိတ်စစ်ကြောင်း မွန်ပြည်နယ် ကျိုက်ထိုမြို့ဘက်ကနေ ပဲခူးမြို့ကိုလာတဲ့ခရီးမှာ အမည်မသိ အရပ်ဝတ်တွေတားမြစ်တာ ၃ နေရာလောက် ကြုံခဲ့ရပြီး၊ ပဲခူးဘက်ကပြည်သူနဲ့ ကျောင်းသားတွေက ဘုရားကြီးဘက်မှာ သွားခေါ်ကြတယ်လို့ ဗကသ တောင်ငူခရိုင်က ကိုဖြိုးဓနက RFA ကိုပြောပါတယ်။

" စွမ်းအားရှင်တစ်စုလူ ၆၀ လောက်ရှိတယ်၊ အဲ့ဒါကို ၃ ခါလောက်တားတယ်၊ ကျိုက်ထို တောင်လာမသိ ဘူးဗျ၊ အဲ့နားမှာစွမ်းအားရှင်တွေထားတယ်၊ သူတို့ကဘုရားကြီးဖက်မှာ အပိတ်ခံထားရတယ်၊ ပိတ်မိနေတယ် ဆိုတော့မှ ကျနော်တို့သွားပြီးတော့ကြိုဆိုတာပေါ့၊ မိဘပြည်သူတွေကလဲတော်တော်များများ၊ ဘုရားကြီး ဖက်ကတရွာလုံးနီးပါးပဲ၊ သူတို့နဲ့ ပေါင်းပြီးကျနော်တို့ပဲခူးမြို့ထဲကို သပိတ်လှည့်ကြပါတယ်"

ဧရာဝတီတိုင်းက သပိတ်စစ်ကြောင်းကတော့ မအူပင်မြို့ကနေ ကျိုက်လတ်မြို့ကို မနေ့က ရောက်သွားခဲ့ပြီး ဖျာပုံကို ဆက်လက်ချီတက်မယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။