တရုတ်ပြည်ကို ခေတ္တ ရောက်ရှိနေစဉ်အတွင်း မစ္စတာ ဒဲရက်မစ်ချယ်က တရုတ်အစိုးရကို အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာ ဆက်ဆံတာဟာ မည်သည့်နိုင်ငံကိုမှ ထိခိုက်စေဖို့ မရည်ရွယ်ကြောင်း၊ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေ ဆက်ဆံရေး ထိခိုက်လို့လည်း အမေရိကန် ပြည်ထောင်စုအတွက် အကျိုးကျေးဇူး မရှိကြောင်း၊ တရုတ်နဲ့ မြန်မာမှာ ရှည်လျားတဲ့ နယ်နမိတ်နဲ့ သမိုင်းကြောင်းတွေအပြင် ကာလကြာရှည် စီးပွားရေး ဆက်ဆံမှုလည်း ရှိနေတဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေး အနာဂတ်ကို နှစ်နိုင်ငံကပဲ ဆုံးဖြတ်ကြရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ နောက်ဆုံးမှာ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာကို ရုပ်သိမ်းပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖွင့်ပေးလိမ့်မယ်လို့ မြန်မာအစိုးရသစ်က မျှော်လင့်နေကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။