နိုင်ငံဖွံ့ဖြိုးရေး ငွေပိုမိုသုံးစွဲမယ်လို့ သမ္မတပြောကြား


2016.06.15
htinkyaw.jpg နိုင်ငံတော်ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို ဇွန်လ ၁၅ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပနေစဉ်
Photo: Myanmar President Office/ Facebook

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်သူ့ဘဏ္ဍာငွေတွေကို ဘယ်နေရာမှာ ဘယ်လောက် သုံးနေသလဲဆိုတာ ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးကြရန်လိုတယ် လို့ ပြောကြားလိုက်ပါတယ်။  သမ္မတအိမ်တော်မှာ ကျင်းပ တဲ့ နိုင်ငံတော်ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ဒီကနေ့ သူက အခုလို ပြောကြားခဲ့တာပါ။

သမ္မတ ဦးထင်ကျော်က ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍတွေမှာ တိုးမြှင့်သုံးစွဲသွား မယ့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးစတာတွေအတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပြည်သူ လူထုက ရွေးချယ်ပေးလိုက်သည့် အစိုးရဖြစ်တဲ့အတွက် လူထုရဲ့ဘဏ္ဍာငွေကို အမှန်တကယ် အကျိုးရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်းပြော ကြားပါတယ်။

ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်းနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ခြံစည်းရိုး ကာရံခြင်းအတွက် ခွဲဝေပေးထားသည့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၅ ဘီလီယံခွဲကို တစ်စုံတစ်ရာ ပြင်ဆင်ခြင်းမပြုဘဲ ရေးဆွဲ ထားကြောင်း တင်ပြခဲ့ပါတယ်။

ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စုမှ တိုင်းဒေသ ကြီး/ ပြည်နယ်များသို့ ထောက်ပံ့ပေးရမည့် ငွေပမာဏ ကျပ် ၁၆၈၈ ဘီလီယံဖြစ်ကြောင်း တင်ပြပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂ဝ၁၆ ခုနှစ်အတွက် ပြည်ထောင်စုဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ပြင်ဆင်သည့် ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီးရင် ရသုံးခန့်မှန်းခြေ ငွေစာရင်းစာစောင် (Citizen's Budget) ကို ပြည်သူတွေ လက်လှမ်းမီအောင် ထုတ်ဝေမယ်လို့ ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။