ကျပ်သန်းသုံးသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ ဆက်စပ်သူတွေ ကို ဖမ်းဆီးမိ


2017.04.19
tharkayta-drugs-620.jpg ရန်ကုန်တိုင်း သာကေတမြို့နယ်က နေအိမ်တစ်ခုမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေကို တွေ့ရစဉ်
Photo: MOI

ရန်ကုန်မြို့ သာကေတနဲ့ ရန်ကင်းမြို့နယ်တွေက နေရာ ၄ ခုမှာ ကျပ်သန်းပေါင်း သုံးသောင်း ကျော်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး နိုင်ငံခြားသား ၁ အပါအဝင် သံသယရှိသူ ၇ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

စုစုပေါင်း ၇ ဦးကို  မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီး ရမိခဲ့ တယ်လို့ နေပြည်တော် မြန်မာ နိုင်ငံ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့မှုး ရဲမှူးချုပ် ကျော်ဝင်း က ပြောပါတယ်။

‘’ဘိန်းဖြူက ၃ ဒဿမ ၉၆၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြားကတော့ ၂၁ သိန်း ခြောက်သောင်းခြောက်ထောင် နဲ့ ဆယ့်နှစ်ပြားပေါ့ ၊ အိုက်စ်က ၂၉၉ ဒဿမ ၆ ကီလိုပေါ့၊ စုစုပေါင်း ကျပ်သန်းပေါင်း ၃၁၉၄၅ ဘီလျံကတော့ ၃၂ ဘီလျီနီးပါးပေါ့နော်၊ ပစ္စတိုနှစ်လက်ရတယ်၊ ကျည် ၁၅ တောင့် မော်တော်ယာဉ် ၅ စီး၊ တရားခံ ၇ ဦးပေါ့’’

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ရန်ကုန်မြို့မှာ နိုင်ငံခြားသားတွေပါဝင်တဲ့ မူးယစ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးနိုင်ခဲ့ ပြီး အခုဖမ်းဆီးခံရသူတွေထဲမှာ တရားခံပြေး ၁ ဦးအပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေကို ဖမ်းမိတဲ့နေရာကတော့ သာကေတမြို့နယ် ၉ ရပ်ကွက် ကမာကြည်လမ်းက နေ အိမ်မှာဖြစ် ပြီး သာကေတမြို့နယ် ၆ အနောက်ရပ်ကွက်မှာတော့ မူးယစ်ဆေးဝါးတွေနဲ့အတူ လူ ၆ ဦးကိုပါ ပစ္စတိုသေနတ် တစ်လက်နဲ့ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ကွင်းဆက်အရ ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ယာက တိုက်ခန်းတစ်ခုမှာ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ ပစ္စတိုသေနတ်တစ်လက်ကို ဖမ်းမိခဲ့ပေမယ့် တရားခံကတော့ လွတ်မြောက်သွားတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။