WY ဆေးပြား ၁၄ သန်းကျော် ပန်းတောင်းမှာ ဖမ်းဆီးရမိ

WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားအရေအတွက် ၁၄သန်းကျော်ကို ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကာလတန်ဖိုး ကျပ်သန်းပေါင်း ၇ သောင်းကျော် တန်ဖိုးရှိတဲ့ WY စာတန်းပါ စိတ်ကြွဆေးပြားတွေကို စက်သုံးဆီပေပါ ၁၅ လုံးထဲမှာ ထည့်ပြီး သယ်ဆောင်လာတဲ့ ကားကို ဥသျှစ်ပင်မြို့ကနေ ရခိုင်ပြည်နယ် တောင်ကုတ်ဖက်ကို သွားရာလမ်းမှာ ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ တပ်မတော်ပိုင် မြဝတီဖေ့စ်ဘွတ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ဥသျှစ်ပင်ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ စစ်ဆေးနေဆဲဖြစ်တဲ့ အတွက် အသေးစိတ် မဖြေကြားနိုင်သေးဘူးလို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မူးယစ်ဆေးပြားတွေသယ်ဆောင်လာတဲ့ ယာဉ်ပေါ်ပါလာသူ ၃ ဦးကို ဥသျှစ်ပင်ရဲစခန်းက ဖမ်းဆီး စစ်ဆေးနေပါတယ်။