စီးပွားရေးပိတ်ဆို့မှု သက်တမ်း တိုးဖို့အိုဘားမားဆုံးဖြတ်


2014.05.15
utheinsein-obama-305 မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမားတို့ မေလ ၂ဝ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေး ကြစဉ်
photo: President Office Website

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ချမှတ် ထားတဲ့ စီးပွားရေးကန့်သတ်ပိတ်ဆို့မှု ဥပဒေ သက်တမ်းကို နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်း တိုးဖို့ သမ္မတအိုဘားမားက အမေရိကန် အောက် လွှတ်တော်ဥက္ကဌ ထံကို မေလ ၁၅ ရက် မနေ့ ကနေ့စွဲ နဲ့စာရေးသား အကြောင်းကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေရှိပေမယ့်လည်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေဆဲ ဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်ကိုင်ဆောင်ရွက်ခွင့်တွေ လမ်းပွင့်ကာစ အခြေအနေ မှာပဲရှိသေးသလို၊ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ ပဋိပက္ခတွေ ဆက်လက်ပေါ်ပေါက်နေ ပြီး၊ နိုင်ငံရေးနဲ့ စီးပွါးရေးကဏ္ဍမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍ ဆက်လက်တည် ရှိနေဆဲဖြစ်တဲ့အတွက် အမျိုးသားအရေးပေါ်အက်ဥပဒေနဲ့ ဆက်လက်အရေးယူရန်လိုအပ်တယ်လို့မိမိအနေနဲ့ ဆုံးဖြတ်ကြောင်း သမ္မတ အိုဘားမားရဲ့စာမှာ ရေးသားထားပါတယ်။

တပြိုင်နက်မှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ရှင်သန်ထွန်းကားပြီး နောက်ကြောင်းပြန်လှည့် မသွားအောင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက် ကူညီသွားမှာဖြစ်တယ်လို့လည်း သမ္မတ အိုးဘားမားက ပြောပါတယ်။ လက်ရှိပြဌာန်းထားတဲ့ စီးပွါးရေးပိတ်ဆို့မှုဥပဒေအရ အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာသွားရောက်လုပ်ကိုင်ခြင်းနှင့် ဒီမိုကရေစီလှုပ်ရှားမှုအပေါ် ဖိနှိပ်သူတွေနဲ့ဆက်ဆံခြင်းကို တားမြစ်ထားပါတယ်။ ၁၉၉၇ ခုနှစ် မေလ ၂ဝ ရက် နေ့ကစတင်ခဲ့တဲ့ အမေရိကန်အမျိုးသားအရေးပေါ် အက်ဥပဒေ ပုဒ်မ ၂ဝ၂ (ဃ) အရ ဒီအရေးယူမှုကို နှစ်စဉ် သက်တမ်းတိုးလာခဲ့ပြီး အခုလာမယ့် မေလ ၂ဝ ရက်နေ့မှာ လက်ရှိ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် လွှတ်တော်က ဆက်လက်ဆောင်ရွက်နိုင်ဖို့ သမ္မတအိုးဘားမားက အခုလိုအကြောင်းကြားလိုက်တာဖြစ်ပါတယ်။

ဒီအကြောင်း ကိုနေရိန်ကျော်ရဲ့ တင်ပြချက်ကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။