ရိုဟင်ဂျာ ၈ ဦး သေဆုံးမှု ရဲနဲ့စစ်တပ်က သီခြားစစ်ဆေးနေ


2017.02.22
maungtaw-police-620 မောင်တောမြို့နယ်မှာ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း

မြန်မာအစိုးရက ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ဖမ်းဆီးထားစဉ် မွတ်စလင် ရိုဟင်ဂျာ ၈ ဦး သေဆုံးခဲ့ရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးနေကြောင်း မနေ့က ပြောကြားပါတယ်။

အဲဒီဒေသမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အကြီးအကျယ်ဖြစ်ပွားနေကြောင်း ပေါ်ထွက်ခဲ့တဲ့သတင်းတွေ ကို မြန်မာအစိုးရက လပေါင်းအတော်ကြာ ငြင်းဆိုခဲ့ဲပြီးနောက်မှာ အခုလို စစ်ဆေးနေတဲ့ သတင်းပေါ်ထွက်လာ တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခဲ့သူ ၆ဝဝ နီးပါးထဲက လူ ၈ ဦးသေဆုံးခဲ့ကြောင်း အစိုးရကဒီလအတွင်းကြေညာခဲ့ပါတယ်။ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက အဲဒီလူ ၈ ဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ လက်ခံရရှိတဲ့အတွက် ရဲနဲ့ စစ်တပ်ကသီးခြားအဖွဲ့တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ AFP သတင်းဌာနကို ပြောဆိုကြောင်း သိရပါတယ်။

မနေ့ကလာတဲ့ ရိုက်တာသတင်းတပုဒ်မှာလည်း နယ်ခြားစောင့်လုံခြုံရေးအဖွဲ့က ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရတဲ့ ငါးခူရကျေးရွာက ရိုဟင်ဂျာမွတ်စလင် ၂ဦးကိစ္စနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို ဖုံးကွယ်ထားကြောင်း သတင်းရရှိလို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေကြောင်း မြန်မာအရာရှိတွေထံက ကြားသိရတယ်လို့ဖေါ်ပြထားပါတယ်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့အကြီးအကဲ သူရစန်းလွင်က ဒီကိစ္စနဲ့ပတ်သက်ပြီး လိမ်လည်အစီရင်ခံသူ မည်သူ့ကိုမဆို အရေးယူမယ်လို့ပြောဆိုကြောင်း သိရပါတယ်။

HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှတိုက်ဆိုင်ရာ  ညွန်ကြားရေးမှူး Phil Robertson ကတော့ မြန်မာပြည်မှာ လုံခြုံရေးတပ်ဖွဲ့တွေကမတရားနှိပ်စက်မှုတွေကျူးလွန်ပြီး အခုလို ဖုံးကွယ်အစီရင်ခံ တတ်တာဟာ ရိုးအီနေတဲ့ဖြစ်စဉ်တခုပါပဲ၊ အလားတူဖေါ်ထုတ်ရမယ့် အမှုတွေအများကြီးရှိပါသေးတယ် လို့ ဝေဖန်ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။