တိုင်းရင်းသားစာပေယဉ်ကျေးမှု မပျောက်ပျက်ဖို့ ဥပဒေပြဌာန်းနိုင်ရေး ကြိုးပမ်းနေ


2017.03.22
sai-seinlin-620.JPG ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း ကို ကချင်ပြည်နယ် လွှတ်တော်မှာ ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့ကတွေ့ရစဉ်။
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်အတွင်းက တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာ စာပေယဉ်ကျေးမှုတွေ မပျောက်ပျက်စေဖို့နဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဥပဒေပြဋ္ဌာန်း အတည်ပြုပေးနိုင်ဖို့ ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း က ဒီနေ့ ပြောပါတယ်။

ဆော့်လော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှီးဇော်လွမ်းလမ်း က တိုင်းရင်းသား အရေး ဆိုင်ရာကိစ္စ တွေမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေလက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ ရှေ့လုပ်ငန်း စီမံချက်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ ဒီကနေ့မေးမြန်းရာ ဦးစိုင်းစိန်လင်း က ဖြေကြားခဲ့တာဖြစ် ပါတယ်။

"တိုင်းရင်းသားလူမျိုးများရဲ့ စာပေတွေကို စာသင်ကျောင်းများတွင် သင်ကြားပေးနိုင်ရန်နှင့် ထောက်ပံ့မှု များရရှိနိုင်အောင် ဆောင်ရွက်ခြင်းများ၊ ရိုးရာယဉ်ကျေးမှု ပွဲလမ်းသဘင်မျာ၊ နေ့ထူးနေ့မြတ်များ၊ အထိမ်း အမှတ်နေ့များကို ဥပဒေပြဌာန်း အတည်ပြုပေးနိုင်ရန် စီမံဆောင်ရွက်လျှက်ရှိပါသည်"

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကစပြီး တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဦးစီးဋ္ဌာနနဲ့ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဋ္ဌာန နှစ်ခု ကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။

အဲဒီဦးစီးဋ္ဌာနနှစ်ခုကို အခု နှစ်ဖေဖော်ဝါရီလက မွန်ပြည်နယ်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ရခိုင်၊ ရှမ်း နဲ့ ကချင်ပြည်နယ်တွေမှာလည်း ဦးစီးဋ္ဌာနတွေကို ဆက်လက်ဖွင့်လှစ်ပြီး တိုင်းရင်းသားအရေးဆိုင်ရာ ကိစ္စတွေကို ထိရောက်စွာဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ကချင်ပြည်နယ် လွှတ်တော်ရဲ့ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးဇခေါင်ခမ်းရယ် က ကော်မတီအနေနဲ့ ပြည်နယ်အတွင်း တိုင်းရင်းသားအားလုံးရဲ့ အရေးကိစ္စတွေကို ထိရောက်အောင် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ကော်မတီရဲ့ နှစ်ချုပ်အစီရင်ခံစာ ကို ဒီကနေ့လွှတ်တော်မှာ ဖတ်ကြားတဲ့အခါ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ ကချင်ပြည်နယ်မှာ တစ်နိုင်ငံလုံးလူဦးရေးစုစုပေါင်း ရဲ့ ၅ သောင်း နဲ့ အထက်ရှိတဲ့ ရှမ်း၊ ဗမာ၊ ရဝမ်၊ လီဆူ စတဲ့ လူမျိုးတွေကရွေးချယ်ထားတဲ့ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ၄ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။