ဆယ်တန်းစာမေးပွဲဖြေဆိုသူ ၇ သိန်းကျော်ထဲမှာ ၂ သိန်းကျော် အောင်မြင်

2017-06-18
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းလာရောက်ကြည့်ရှုသူတွေကို ရန်ကုန်မြို့ အ.ထ.က (၁) လမ်းမတော်ကျောင်း မှာ ဇွန်လ ၁၆ ရက်နေ့ညက တွေ့ရစဉ်
၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းလာရောက်ကြည့်ရှုသူတွေကို ရန်ကုန်မြို့ အ.ထ.က (၁) လမ်းမတော်ကျောင်း မှာ ဇွန်လ ၁၆ ရက်နေ့ညက တွေ့ရစဉ်
Photo: Kaung Htet Kyaw/RFA

၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ခုနှစ်သိန်းကျော် ရှိတဲ့အထဲက နှစ် သိန်းလေးသောင်းကျော်သာ အောင်မြင်ခဲ့တာကြောင့် အောင်ချက် ၃၃ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ပညာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နှစ်စဉ်နှစ်တိုင်း အောင်ချက်ရာခိုင်နှုန်းက ၃ဝ ရာခိုင်နှုန်းဝန်းကျင်သာရှိနေတဲ့အပေါ် ပြန်လည်သုံးသပ်ရမှာဖြစ် တယ်လို့ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံပညာရေး သုသေတနဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲ က ပြောပါတယ်။

"၃ဝ ရာခိုင်နှုန်း ပတ်ဝန်းကျင် ပတ်ချာလည်ပဲ၊ ဒီနား လျော့နည်းနည်း မလျော့နည်းနည်း အောင်တယ် ဆိုတာ ဆရာတို့ရဲ့ ပညာရေးမှာ ဒီ့ထက်ကောင်းအောင်လုပ်ဖို့ လိုလာတယ်၊ လိုနေတယ်ဆိုတဲ့ အနေထား ကတော့ ပြနေတာပေါ့။ ဒါတော့ လက်ခံရမှာပေါ့။ ဒါပေမဲ့ ဘယ်အပိုင်းတွေမှာအားနည်းတာလဲ။ သင်ကြားရေးအပိုင်းမှာလား။ ဒါမှမဟုတ်လို့ရှိရင် စာမေးပွဲမေးခွန်းပုံစံတွေ ပြောင်းရမှာလား၊ ဒီအပိုင်းတွေကတော့ ပညာရှင်တွေ အများအပြား အကျယ်တဝင့် ဆွေးနွေးရမှာပေါ့နော်"

၂ဝ၁၁ ခုနှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၃၅ ရာခိုင်နှုန်းကျော်ရှိပြီး ၂ဝ၁၂ နဲ့ ၂ဝ၁၃ ခုနှစ်တွေမှာ ၃၄ ရာခိုင်နှုန်းကျော်နဲ့ ၂ဝ၁၄ မှာ ၃၁ ရာခိုင်နှုန်းကျော်၊ ၂ဝ၁၅ ခုနှစ်မှာ ၃၇ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ၂ဝ၁၆ ခုနှစ်မှာ ၂၉ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ပါတယ်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းအရ တိုင်းနဲ့ ပြည်နယ်တွေထဲ မှာ ဖြေဆိုသူ ၂ သောင်းကျော်ရှိတဲ့ မွန်ပြည်နယ်က အောင်ချက်အများဆုံးဖြစ်ပြီး ဖြေဆိုသူ တစ်သိန်းကျော်ရှိတဲ့ မန္တလေးတိုင်းက ဒုတိယအောင်ချက် အများဆုံးဖြစ်ပါတယ်။

အောင်မြင်သူ အနည်းဆုံးပြည်နယ်ကတော့ ဖြေဆိုသူ ၄ သောင်းနီးပါးရှိတဲ့ ရခိုင်ပြည်နယ်ဖြစ်ပြီး ဒုတိယ အနည်းဆုံး ပြည်နယ်က ဖြေဆိုသူ တစ်သောင်းနီးပါးရှိတဲ့ ချင်းပြည်နယ် ဖြစ်ပါတယ်။

ဖြေဆိုသူ ခုနှစ်သိန်းကျော်မှာ ဂုဏ်ထူးရသူ စုစုပေါင်း ငါးသောင်းခြောက်ထောင်ကျော်ရှိပြီး ဘာသာစုံဂုဏ်ထူးရှင် ရှစ်ရာကျော် ရှိပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့