FPNCCနဲ့ ပူးပေါင်းဖို့ UNFC ကို မြောက်ပိုင်းအဖွဲ့တွေ ဖိတ်ခေါ်


2017.08.30
tarphonekyaw-622.jpg တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော် ကို တွေ့ရစဉ်
Photo: Kan Thar/RFA

အစိုးရက အကောင်အထည်ဖော်နေတဲ့ NCA အပစ်ရပ်လမ်းကြောင်းဟာ တိုက်ပွဲတွေကို မရပ်တန့်နိုင်တဲ့အတွက် မိမိတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက UNFC အဖွဲ့ကို ဖိတ်ခေါ်လိုက်ပါတယ်။

UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီနဲ့ UNFC ခေါင်းဆောင်တွေ သြဂုတ်လ ၂၅ ရက်နေ့က ပန်ဆန်းမှာ တွေ့ဆုံစဉ်မှာ ဖိတ်ခေါ်လိုက်တာလို့ TNLA တအာန်းပလောင်အဖွဲ့ဲက ဗိုလ်မှူးချုပ် တာဘုန်းကျော် က ပြောပါတယ်။

"အခု မြန်မာအစိုးရကလုပ်ထားတဲ့ NCA ကို ကျနော်တို့ မယုံကြည်နိုင်ဘူး၊ ဒါကလက်တွေ့အလုပ်မဖြစ်နိုင်ဘူး၊ တိုက်ပွဲတွေမရပ်နိုင်ဘူး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလုပ်တဲ့ ၂၁ ရာစု ပင်လုံကလည်း တကယ်စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ ကျနော်တို့ရဲ့ပြင်ဆင်မူ၊ ရပ်တည်ချက် ပြင်ဆင်ထားတဲ့အချက်တွေ ကို သူတို့ကို ရှင်းပြပါတယ်။ အဲဒီအထဲမှာကိုလည်း UNFC က စိတ်ပါဝင်စားတယ်ဆိုရင် အဲ့မှာရှိတဲ့အဖွဲ့တွေပေါ့ ပူးပေါင်းပါဝင်လက်တွဲဖို့ ဖိတ်ခေါ်တယ်၊ အပြန်အလှန် ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကို ရှင်းလင်းကြပါတယ်။ ကျနော်တို့က UNFC ရဲ့ နယ်မြေအခြေအနေအရ ရပ်တည်ချက်ကိုလည်း စာနာနားလည်တယ်"

UNFC ဘက်ကတော့ နယ်မြေအခြေအနေအရ တခြားရွေးစရာလမ်းကြောင်း ခက်ခဲတဲ့အတွက် မူလချမှတ်ထားတဲ့ NCA လမ်းကြောင်းနဲ့သာ အစိုးရနဲ့ဆက်ပြီးဆွေးနွေးမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဗိုလ်မှူးချုပ် တာဘုန်းကျော် က ပြောပါတယ်။

UNFC အဖွဲ့ဝင်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မွန်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံခဲ့ပြီး၊ NCA စာချုပ်မှာ လက်မှတ်ထိုးမထိုးဆိုတာကို လာမယ့် ၃ လအတွင်း အဖြေပေးမယ့်အကြောင်း ပြောဆိုထားတာပါ။

မြောက်ပိုင်းဒေသက တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ထဲက UWSA ဝ,အဖွဲ့နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးဖို့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ကမ်းလှမ်းထားပေမယ့် UWSA ဘက်ကတော့ FPNCC ကော်မတီအနေနဲ့သာ တွေ့ဆုံမယ် ဆိုပြီး အကြောင်းပြန်ထားတယ်လို့လည်း သိရပါတယ်။

ကချင်၊ ရှမ်းနဲ့ ကိုးကန့်ဒေသတွေဘက်မှာ အစိုးရတပ်မတော်က တပ်အင်အား တိုးချဲ့ချထားတဲ့အတွက် နောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာဖို့ရှိတယ်လို့ ယူဆကြောင်းလည်း ဗိုလ်မှူးချုပ် တာဘုန်းကျော် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။