တရုတ်-မြန်မာ နယ်စပ်အနီး လက်နက်ကြီးများနဲ့ ပစ်ခတ်


2015.04.20
koekant-battle-305.jpg ဧပြီလ ၁၅ ရက်နေ့က ကိုးကန့်တပ်နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ရာပြ မြေပုံ
Photo: Ministry of Information

ကိုးကန့်ဒေသအတွင်း တရုတ်မြန်မာနယ်စပ်  နမ်ဌေးမွန်တောင်ကြောမှာ မနေ့က အစိုးရတပ်များက လက်နက်ကြီးများနဲ့ ပစ်ခတ်ပြီး တိုက်ခိုက်တယ်လို့ ကိုးကန့်ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုဟာ ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေဖြစ်ပွား ခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကစပြီး အခုချိန်အထိ အပြင်း ထန်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ကိုးကန့်ဒေသတွင်း စစ်ရေးအရ မဟာဗျူဟာကျ တဲ့ နေရာများကို သိမ်းပိုက်ပြီးဖြစ်တယ်လို့ ဧပြီလ ၁၆ရက်နေ့   အစိုးရက သတင်းထုတ်ပြန်ထားပေမဲ့ တိုက်ပွဲများ ဆက်လက်ပြီးဖြစ်နေတယ်လို့ မနေ့က တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီး တရုတ်မြန်မာနယ်စပ် မှာနေထိုင်တဲ့ ကိုးကန့်ဒေသခံတစ်ဦးကပြောပါတယ်။

"စစ်တပ်ကြော်ငြာတွေကတော့ ကိုးကန့်တစ်နယ်လုံးကို သူတို့သိမ်းလိုက်ပြီပဲ၊ ဒါပေမဲ့ တွယ်တာကတော့ တွယ်နေတာပဲ၊ မနေ့ကလည်းတစ်နေ့လုံး ဒီနမ်ဌေးမွန်တောင်လေ အဲ့နေရာမှာတွယ်နေတာပဲ၊ မနေ့ကပွဲအကြီးဆုံးပဲ တစ်နေကုန်ပဲ"

မနေ့ကတိုက်ခိုက်မှုမှာ လေယဉ်တွေပျံဝဲတာမျိုးရှိပေမဲ့ လေကြောင်းက ပစ်ခတ်ဗုံးကြဲတာမျိုးမရှိဘူးလို့ MNDAA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကလည်း ပြောပါတယ်။ မနေ့ကတိုက်ပွဲတွေမှာ မြေပြင်တပ်များ ထိုးစစ်ဆင်လာတာမျိုးမရှိဘဲ လက်နက်ကြီးများနဲ့သာ ပစ်ခတ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒုံးကျည်တင်ကားတွေနဲ့ ပစ်ခတ်တာမျိုးလည်းရှိတယ်လို့ ဦးထွန်မြတ်လင်းက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှု အကြိမ်အနည်းငယ်ရှိပြီး ညနေပိုင်းမှာ ရပ်သွားတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ လဆန်းက စတင်ဖြစ်ပွားတဲ့ ကိုးကန့်ဒေသက တိုက်ပွဲတွေအတွင်း အစိုးရဘက်က ကျဆုံးသူ ၁၂၆ဦးရှိပြီး ဒါဏ်ရာရသူ ၃၅၉ဦးရှိတယ်လို့ အစိုးရသတင်းတစ်ရပ်မှာလည်း ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။