ရက္ခိုင့်တပ်မတော်နဲ့တိုက်ပွဲ အစိုးရ တပ်က ယာယီတပ်ရင်းမှူးကျဆုံး


2016.04.19
aa-rakhine-620.jpg ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: ရက္ခိုင့်တပ်မတော်၊ သတင်းနှင့် ပြန်ကြားရေးဌာန/ Facebook

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လောရမတောင်တန်းတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေရာ တပ်မတော်ဘက်က ယာယီတပ်ရင်းမှူး အပါအဝင် အရာရှိစစ်သည်တချို့ ကျဆုံးခဲ့ပြီး ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

AA တပ်တွေ ရှိနေတဲ့ လောရမတောင်တန်းတဝိုက်မှာ ယာယီတပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်း ဦးဆောင်တဲ့ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

"ဒီမြန်မာ့တပ်မတော် ခလရ ၂၃၂ က ဗိုလ်မှူးမျိုးမင်းထွန်း ဦးဆောင်တဲ့ စစ်ကြောင်းက ကျနော်တို့ရက္ခိုင့် တပ်မတော် အမှတ် ၂ စစ်ဒေသရဲ့တပ်ဖွဲ့တွေ ရှိနေတဲ့နေရာကို ထိုးဖောက်ဝင်တဲ့အတွက်ကြောင့်မို့လို တိုက်ပွဲဖြစ်တာပါ၊ သူတို့ဝင်မလာရင်တော့ တိုက်ပွဲဖြစ်စရာအကြောင်းမရှိပါဘူး၊ အသစ်တက်လာတဲ့ အစိုးရလက်ထက်မှာ ကျနော်တို့က အကောင်းဆုံးကိုမျှော်လင့်ထားတယ်"

တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးတစ်ဝိုက်က နတ်သရဲ၊ ဖက်ဝန်း၊ မောင်နှမ၊ ကျောက်ဆည်တောင်၊ သဲဗြုချောင်း၊ နေအိုင်၊ မိချောင်းခေါက် စတဲ့ ကျေးရွာတွေ က ဒေသခံတွေဟာ တောင်ယာတွေနဲ့ လုပ်ငန်းခွင်တွေကို သွားရောက်ဖို့ အခက်အခဲဖြစ်နေကြပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေကို ဒီနေ့ နေ့လည်ပိုင်းအထိ ကြားနေရဆဲဖြစ်တယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီး အနားရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ရွာက လူတွေက အခက်အခဲဖြစ်နေတယ်၊ သေနတ်သံတွေကို ကြောက်တယ်၊ တောထဲ ကိုမဝင်ရဲတော့ဘူး၊ ကျနော်တို့ရွာ ကိုတော့ မြန်မာ့တပ်မတော်ကလူတွေက တစ်နေ့ တစ်ခေါက်၊ နှစ်နေ့ တစ်ခေါက်အသွား အပြန်တော့ ရှိနေတယ်၊ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တဲ့နေရာက ငါးမိုင် ခြောက် မိုင်လောက် ဝေးတယ်၊ လက်နက်ကြီးအသံတွေတော့ ကြားရတယ်"

ဧပြီလ ၁၆ရက်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ AA တပ်ဖွဲ့က ရွာသားတွေ အသွင်ဆောင်ပြီး ချုံခိုတိုက်ခိုက်ခဲ့ တာဖြစ်ကြောင်း တိုက်ပွဲတွေအတွင်း AA ရဲ့ ယာယီ အခြေပြုစခန်းတွေ၊ လူနေတဲတွေ၊ ဒေသန္တရလက်လုပ်မိုင်းတွေ နဲ့ တခြားအသုံး အဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြထား ပါတယ်။

အစိုးရတပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူလူထု ရဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးတို့အတွက် AA အဖွဲ့ကို အပြီးတိုင်ချေမှူန်းနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ပါရှိပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့နှစ်က စပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည် နယ် ကျောက်တော်၊ ဘူးသီးတောင် စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဦးခိုင်သုခကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။