အစိုးရနဲ့ UNFC တွေ့ဆုံဆွေးနွေးမည်


2017.10.19
unfc-meeting-622 UNFC စည်းအဝေး ကျင်းပနေစဉ်
Photo: Aung Moe Myint/RFA

လာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ UNFC က ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ၇ ကြိမ်မြောက် တွေ့ဆုံပြီး NCA စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ UNFC ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က ပြောပါတယ်။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကိုလက်မှတ်မရေးထိုးသေးတာဟာ မျက်ကွယ်ပြု ငြင်းပယ်နေတာမဟုတ်ဘဲ စာချုပ်ပါအားနည်းချက်တွေကို ခိုင်မာအောင် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တပ်မတော်ဘက်က လမ်းဖွင့်ပေးဖို့နဲ့ တရားသေဝါဒ မဆုတ်ကိုင်ထားဖို့လိုတယ်လို့လည်း ဦးထွန်းဇော်က ပြောပါတယ်။

"လာမယ့် ၂၃ ၊ ၂၄ မှာ ကျနော်တို့ဆွေးနွေးမယ်။ ဆွေးနွေးတဲ့အခါမှာ တပ်မတော်ဘက်က တရားသေဝါဒ ဆုပ်ကိုင်ထားမှုတော့ ဖြေလျော့ဖို့လိုတယ်လို့ မြင်တယ်။ NCA ဘောင်ထက် ဘယ်ဟာမှ ကျော်လွန်လို့ မရဘူးလို့ ပြောနေတယ်။ NCA ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ လုံးဝပြင်လို့မရ ပြုလို့မရ အနေအထားကို ကျနော်တို့က လုပ်လို့မရဘူးလို့ ပြောချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေတောင် သူ့ကာလရွေ့လျားလာတာနဲ့ အမျှအခြေနေ အချိန်အခါပေါ်မူတည်ပြီးမှ ပြုပြင်သင့်တာကို ပြုပြင်ရတာပဲ။ ပြုပြင်ဖို့လည်း ပြောနေကြတာပဲ။ မပြုပြင်ရင်တော့ ကျနော်တို့ အဖြေရလဒ်ထွက်ဖို့အတွက် အခက်အခဲရှိဦးမယ်လို့ ကျနော်မြင်ပါတယ်"

လက်ရှိ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ကိုယ်စားလှယ်အဖွဲ့ DPN တို့ကြား ဆက်လက်ဆွေးနွေးမယ့် ကိစ္စတွေဟာ မူဝါဒပိုင်းဆိုင်ရာတွေဖြစ်တာကြောင့် တိုက်ရိုက်ဆွေးနွေးနိုင်ရေးအတွက်  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ UNFC ခေါင်းဆောင်တွေ ထိပ်တိုက်တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်လည်း UNFC ဘက်က တောင်းဆိုထားတယ်လို့ ပြောပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်ကစပြီး အပစ်အခတ်ရပ်စဲရေး ကြေညာဖို့၊ ၂၁ ရာစု ပင်လုံညီလာခံ ဆုံးဖြတ်ချက်တွေ အပေါ် မူတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေတွေကို ရေးဆွဲပြဌာန်းဖို့ စတဲ့ အဆိုပြုချက် ၈ ချက်ကို တောင်းဆိုထားပြီး အဲဒီအထဲက အချက် ၄ ချက်ကို အစိုးရနဲ့ မူအားဖြင့် သဘောတူညီမှု ရရှိထားပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်းစီမှာ မွန်ပြည်သစ်ပါတီ MNSP ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ရခိုင်အမျိုးသား ကောင်စီ ANC နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။